အောင်လံ ၁၉ ဇွန်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် ဇေယျာကျေးရွာတွင် ဇေယျာမြစ်ရေတင်လုပ်ငန်း ဆက်လက် အဆင်ပြေ အောင်မြင်နိုင်ရေးအတွက် ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းထူထောင်ရေးနှင့် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် (PIM)အကောင်အထည်ဖော်ရန် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဇေယျာမြစ်ရေတင် ရှင်းလင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ယင်းဆောင်ရွက်မှုတွင် သရက်ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်ကျော်က ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းထူထောင်ရေးနှင့် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် (PIM) အကောင်အထည် ဖော်နိုင်ရေးအတွက် ယခုညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် WUG အဖွဲ့များ ဖွဲ့စည်းရခြင်းဖြစ်ပြီး ရေပေးရေယူလွယ်ကူမြန်ဆန်စေမည့် နည်းလမ်းကောင်းတစ်ခုဖြစ်၍ မြောင်းအလိုက်၊ DO များအလိုက် WUG အဖွဲ့များကို တောင်သူများဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြမင်းကျော်က ယနေ့မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် များစွာထိခိုက်နိုင်ရာ ရေရရှိမှုသည်အဓိက အရေးကြီးကြောင်း၊ မိမိတို့ဒေသတွင် ရေကိုစနစ်တကျစီမံခန့်ခွဲနိုင်ရန် လိုအပ်ကြောင်းနှင့် WUGအဖွဲ့ဖွဲ့စည်းပြီး ပါကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)


