အောင်လံ ၁၄ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ရွှေတောင် (၈)ချည်မျှင် ရှည်ဝါ(၅)ဧကစံပြကွက် ကွင်းသရုပ်ပြပွဲကို နိုဝင်ဘာ ၁၃ ရက် နံနက် ၈ နာရီက ရေပေါ်ကျေးရွာ တောင်သူ ဦးခင်မောင်ညို၏ ဝါစံပြစိုက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကွင်းသရုပ်ပြပွဲတွင် တက်ရောက်လာသောတောင်သူများအား ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်ခင်မာအေးက မျိုးကောင်းမျိုးသန့်ထုတ်လုပ်သုံးစွဲရေး၊ IPM နည်းစနစ်ဖြင့် ပိုးမွှားကာကွယ် နှိမ်နင်းနည်းနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးအကြောင်းတို့ကို လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးထွန်းလှအောင်က အထွက်ကောင်း ဝါမျိုးများ အကြောင်းကို လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။ ဆက်လက်၍ တာဝန်ရှိသူများမှ တောင်သူများ၏ ကြုံတွေ့သမျှ အခက်အခဲများအား ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးကြပြီး ဝါ(၅)ဧက စံပြစိုက်ခင်း အတွင်း ဝါဖြစ်ထွန်းနေမှုအခြေအနေများအား လက်တွေ့ရှင်းလင်းပြသ လေ့လာ ခဲ့ကြကြောင်း သိရသည်။
သိန်းလွင်(အောင်လံ)


