နေပြည်တော် ၁၇ မေ
မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် မွန်းတည့်က အောင်မြေသာစံမြို့နယ်၊ အမှတ်(၁၂)လမ်း၊ ၇၉ x ၈၀ လမ်းကြားရှိ စားသောက်ဆိုင်အတွင်းသို့ ဝင်ရောက်လာသည့် ဝေမျိုးအောင်(ခ)ဆံရှည်၊ စိုးစံနှင့် ထွန်းအောင်တို့ ၃ ဦးအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၄၀ ၊ ဘိန်းဖြူ ဝ ဒသမ ဝ၁ ဂရမ်၊ ဆိုင်ကယ်နှစ်စီးနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ နံနက် ၉ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၆)ပင်လောင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ ဘန်းခူးကျေးရွာနေ မအေးမွန်(ခ)နန်းမွန်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀ဝ၀ ကို လည်းကောင်း၊
ထို့အတူ ညနေ ၆ နာရီခန့်က မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေးသွား ပြည်ထောင်စုကားလမ်းမပေါ်တွင် ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ခရီးသည် လဂမ်၏ လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀ဝ၀ ၊ ငွေကျပ် ၂၀ဝ၀ဝ၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
MDN