နေပြည်တော်၊ ဇူလိုင် ၂၈
အောင်မြေသာစံမြို့နယ်၊ မိတ္ထီလာမြို့နှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၆ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် အောင်မြေသာစံမြို့နယ် သီရိမာလာ (အရှေ့) ရပ်ကွက် ၂၃ (C) လမ်း၊ ၈၉ လမ်းထောင့်ရှိ ကားဂိတ်တွင် ပလတ်စတစ်ထိုင်ခုံများ လာရောက်ပို့ဆောင်သူ မညိုညိုလွင်အား စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၈၇၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၉၇၀ ကိုလည်းကောင်း၊ အလားတူ ဇူလိုင် ၂၇ ရက် မွန်းလွဲ ၃ နာရီတွင် ပူးပေါင်းအဖွဲ့သည် မိတ္ထီလာမြို့ အောင်ဆန်းရပ်ကွက် သမုန်းကုန်း (၄) လမ်းတွင် ဇွဲမာန်ဦး (ခ) ချစ်တီး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁ ပြား၊ မွန်းလွဲ ၃ နာရီ မိနစ် ၄၀ တွင် မိတ္ထီလာမြို့ နန်းတော်ကုန်း ရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၅၀၀ ထပ်မံသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီတွင် မိတ္ထီလာမြို့ အောင်ဆန်းရပ်ကွက်ရှိ ဝင်းထိုက် (ခ) ဝင်းကို၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အတူ ဇူလိုင် ၂၅ ရက် ညနေ ၅ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု မယ်ယန်းကျေးရွာအနီးတွင် သက်ဖြိုးအောင် (ခ) သာလိကာ မောင်းနှင်ပြီး အောင်ဇေယျာဖြိုး (ခ) ကြက်တူရွေး လိုက်ပါလာသည့် NISSAN DIESEL ၁၂ ဘီးယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း Ammonium Nitrate ကီလို ၁၂,၈၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီ မိနစ် ၄၀ တွင် ထိန်းချုပ် ဓာတုပစ္စည်း Ammonium Nitrate များ သယ်ဆောင်ခိုင်းသူ သီဟဇင်အား ကျိုင်းတုံမြို့ရပ်ကွက် (၄) ခွာညို (၂) လမ်းတွင် ဆက်လက် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်