မန္တလေး၊   ၂၃   ဒီဇင်ဘာ 

မန္တလေး အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ကွက်အတွင်းရှိ အကွက်(၁၅၉)တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် အတည်ပြုလူနာများနှင့် အနံ့မရရှိသူများ များပြားလာသဖြင့် ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းမှစတင်ကာ Semi-Lockdown ချထား၍ အသွားအလာများကန့်သတ်ပိတ်ပင်လိုက်ကြောင်း သိရသည်။

Semi-Lockdown ချထားခြင်းကို အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ အကွက်(၁၅၉)၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ ၈၃ လမ်းနှင့် ၈၆ လမ်းကြားရှိ ဒူးကြားလမ်းအတွင်း နေထိုင်ကြသည့် အိမ်ခြေ (၂၆)အိမ်၊ အိမ်ထောင်စု(၂၈)စု၊ စုစုပေါင်းလူဦးရေ (၁၂၆)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Semi-Lockdown ချထားပြီး အသွားအလာများ ကန့်သတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ Semi-Lockdown ဧရိယာအတွင်း၌ ပညာရေးဝန်ထမ်း (၁)ဦး၊  ကျန်းမာရေးဝန်ထမ်း (၁)ဦး၊  စည်ပင်ဝန်ထမ်း(၁)ဦး စုစုပေါင်း ဝန်ထမ်း(၃)ဦးတို့ ပါဝင်နေထိုင်နေပြီး Semi-Lockdown ကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်ထိ ၁၄ ရက်ကြာချထားပြီး အသွားအလာများ ကန့်သတ်ထားမည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုထံမှ သိရသည်။ 

ဇော်လင်းဦး (အောင်စံ)