မန္တလေး၊ ၁၆ ဒီဇင်ဘာ

 

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာ များပြားလာသည့် နေရာ ခြောက်နေရာ၌ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းမှစတင်၍ Semi-Lockdown ချထားလိုက်ကြောင်း သိရသည်။

 

Semi-Lockdown ချထားခြင်းကို မင်းတဲအီကင်းရပ်ကွက်၊ အကွက်(၈၅)တွင် နေထိုင်ကြသည့် အိမ် ထောင်စု ၄၀၊ လူဦးရေ ၁၈၅ ဦးကိုလည်းကောင်း၊ သီရိမာလာအရှေ့ရပ်ကွက်၊ အကွက်(၁၉၅)တွင်နေထိုင်ကြသည့် အိမ်ထောင်စု ၄၄ စု၊ လူဦးရေ ၁၃၄ ဦးကိုလည်းကောင်း၊ သီရိမာလာအနောက်ရပ်ကွက်၊ အကွက်(၂၀၉)တွင် နေထိုင်ကြသည့် အိမ်ထောင်စု ၃၅ စု၊ လူဦးရေ ၁၄၄ ဦးကိုလည်းကောင်း၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၄၇)တွင် နေထိုင်ကြသည့် အိမ်ထောင်စု ၆၃ စု၊ လူဦးရေ ၂၂၃ ဦးကိုလည်းကောင်း၊ မေဃဂီရိရပ်ကွက်၊ အကွက်(၁၃၉)တွင် နေထိုင်ကြသည့် အိမ်ထောင်စု ၆၈ စု၊ လူဦးရေ ၂၆၂ ဦးကိုလည်းကောင်း၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ အကွက်(၁၆၁)တွင် နေထိုင်ကြသည့် အိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၁၄၄ ဦးကိုလည်းကောင်း၊ စုစုပေါင်း နေရာ ခြောက်နေရာရှိ အိမ်ထောင်စု ၂၈၆ စု၊ လူဦးရေ ၁၀၉၂ ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Semi-Lockdown ချထားပြီး အသွားအလာများ ကန့်သတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှ ဒီဇင်ဘာ ၁၄ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၁၄၉၆ ဦး၊ ဆေးရုံဆင်း ၁၀၀၂ ဦး၊ သေဆုံး ၃၁ ဦး၊ ဆေးရုံတက် ၄၆၃ ဦးတို့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

ဇော်လင်းဦး(အောင်စံ)