မန္တလေး ၃၀ ဇူလိုင်
မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့အဖြစ် နွှဲပျော်ကြမည့် အိုးပုတ်ပွဲတော်ကို သြဂုတ် ၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်ကွက်တို့တွင် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်တွင် မြန်မာ့ယဉ်ကျေးမှု ဓလေ့ကို ချစ်မြတ်နိုးစွာဖြင့် မြေနှင့် ပြုလုပ်ထားသည့် အိုးပုတ်၊ ဂျိုးရုပ်၊ ဆီမီးခွက်ရုပ်၊ နွားရုပ်၊ ဆင်ရုပ် စသည့် ကစားစရာအရုပ်များကို ရောင်းချသွားမှာဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။
“ဒီပွဲတော်က တောင်ပြုံးပွဲတော်ရဲ့ အကြိုပွဲတော်လို့ ပြောလို့ရပါတယ်။ အရင်က ဒီနေရာမှာ လှေဆိပ်၊ လှည်းဆိပ် ဖြစ်ခဲ့တာဆိုတော့ အိုးပုတ်ရောင်းချသူတွေက ကျွန်းပင်နတ်ပွဲအပြီးမှာ တောင်ပြုံးပွဲတော်ကို ရောင်းချဖို့အသွား ဒီနေရာမှာ တစ်ထောက်နားပြီး ရောင်းချရာကနေ ရပ်ကွက်ရဲ့ ရိုးရာဓလေ့ပွဲတော် တစ်ခုအနေနဲ့ နှစ်စဉ်ကျင်းပလာခဲ့တာပါ။ ဒီနှစ်မှာလည်း အစဉ်အလာမပျက် ပျော်ရွှင်အေးချမ်းစွာ ကျင်းပနိုင်ဖို့ ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းလုပ်ဆောင်နေပါတယ်”ဟု အိုးဘိုရွှေကျင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းက ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါရပ်ကွက်ရှိ အိမ်များမှ ကလေးကစားစရာ အိုးပုတ်များ စတင်ရောင်းနေကြပြီး ပွဲတော်မတိုင်ခင် သုံးရက်လောက်မှစ၍ အင်းဝဒေသနှင့် ရွှေဘိုခရိုင်၊ နွယ်ငြိမ်းနှင့် ကျောက်မြောင်းကျေးရွာတို့မှ အိုးပုတ်နှင့် စဉ့်ထည်များ လာရောက်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


