မန္တလေး ၁၃ စက်တင်ဘာ
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ အကွက်၂၀၃၊ ၂၆လမ်းနှင့် ၉၁လမ်း၊ ချမ်းသာကြီးဘုရားမြောက်ဘက်၊ ပွဲကုန်းရပ်တွင် ယနေ့နံနက် ၁၀နာရီ ၅၅ မိနစ်က ၅၄ သစ်စက်ဝင်းဟောင်း အတွင်းရှိ ၄ခန်းတွဲဝန်ထမ်းလိုင်းခန်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေးသစ်စက်ဌာနရှိ ၄ခန်းတွဲ ဝန်ထမ်း လိုင်းခန်းတွင်နေထိုင်သော အစိုးရသစ်စက်လုပ်သား ဦးအောင်သိုက်၏ နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း ကလေးငယ်များ ဂက်စ်မီးခြစ်ဖြင့် မီးဆော့ကစားရာမှ အဝတ်အထည်နှင့် စောင်များ အပေါ် မီးပွားကျပြီး မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။
မီးလောင်ရာသို့ တိုင်းမီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်နှင့် သန္ဓေတပ်ဖွဲ့ဝင်(၃၀)၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၇၅)ဦး တို့မှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၅)စီး၊ မီးငြိမ်း သတ်ယာဉ်(၁၅)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြရာ နံနက်၁၁နာရီ ၅မိနစ်တွင် မီးငြှိမ်း နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အနံ၁၅ပေ၊ အလျား ပေ ၄၀ရှိ အခန်း၄ခန်းတွဲ သွပ်မိုး၊ ထရံကာ နှစ်ထပ် အဆောက်အဦ တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့် ဦးအောင်သိုက်အား အမှတ်(၅) မြို့မရဲစခန်းမှ ဥပဒေအရ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)