မန္တလေး  ၂၆   မေ

 

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အကွက်(၁၃)၊ အုတ်စက်ရပ်နေ အခြေခံလူတန်းစား အိမ်ထောင်စု(၄၀၀)အား ထိုင်ဝမ်နိုင်ငံ၊ ထောင်းယွမ်ဒေသမှ အလှူရှင်(၈)ဦးက ယနေ့နံနက် ၈ နာရီတွင် အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်း၌ ဆန်(၆)ပြည်စီ ထောက်ပံ့လှူဒါန်း ခဲ့ကြောင်း သိရသည်။

 

ထိုင်ဝမ်နိုင်ငံ၊ ထောင်းယွမ်ဒေသမှ ကျောက်စိမ်းကုန်သည် အလှူရှင်(၈)ဦးက စုပေါင်းလှူဒါန်းခြင်း ဖြစ်ကြောင်း၊ အလှူရှင်များက မြန်မာနိုင်ငံကို မကြာခဏ လာရောက်လေ့ ရှိကြပြီး မန္တလေးမြို့မှ ပံ့ပိုးပေးရန် လိုအပ်သော အခြေခံလူတန်းစားများကို လှူဒါန်းရန် ဆန္ဒရှိသဖြင့် အောင်မြေသာစံမြို့နယ်မှ World Vision Myanmar နှင့် ချိတ်ဆက်၍ အလှူရှင်များကိုယ်စား လှူဒါန်းရခြင်းဖြစ်ကြောင်း China Tour Guide တစ်ဦးဖြစ်သည့် မစုလတ်ဖြူ ကပြောကြားသည်။

 

အဆိုပါ လှူဒါန်းရာသို့ Save Mandalay From COVID- 19 (SMC-19) အဖွဲ့မှ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါက်တာညီမင်းဟန်နှင့် ဒေါက်တာအောင်ကျော်ဦး၊ အောင်မြေသာစံမြို့နယ် World Vision Myanmar မှ စီမံချက် မန်နေဂျာ ဦးစောမာရီယာနို နှင့် အဖွဲ့ဝင်များ၊ အောင်စံမန္တလာကွန်ရက် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ဝိုင်းဝန်း လှူဒါန်းပေးကြပြီး စနစ်တကျ ဖြစ်စေရေးနှင့် လူစုလူဝေး မဖြစ်စေရေးတို့အတွက် သတ်မှတ်နေရာများတွင် တန်းစီနေရာယူရေး၊ နှာခေါင်းစည်း(Mask) တပ်ဆင်ရေး၊ လက်သန့်ဆေးဖြင့် လက်ဆေးရေး တို့အပြင် အပူချိန် တိုင်းပေးခြင်းများကိုပါ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဇော်လင်းဦး(အောင်စံ)