မန္တလေး ၃ မတ်
အောင်မြေသာစံမြို့နယ်တွင် အသက် (၈၅) နှစ်အထက် အဘိုးအဘွား (၉၀ဝ) ကျော်အတွက် လူမှုရေးပင်စင်ငွေများ ပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီခွဲက မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပသည်။
အခမ်းအနားတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဒုတိယသုံးလပတ်ဖြစ်သော ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် သုံးလစာအတွက် အောင်မြေသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး (၁၉) ရပ်ကွက်မှ အသက် (၈၅) နှစ်အထက် အဘိုးအဘွား (၉၂၇) ဦးတို့အတွက် လူမှုရေးပင်စင်ငွေများကို တစ်ဦးလျှင် ၃၀ဝ၀ဝ ကျပ်နှုန်းဖြင့် ငွေကျပ် ၂၇၈ သိန်း ၁ သောင်းအား အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် ဒုတိယဦးစီးမှူးများက ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား တစ်ရပ်ကွက်ခြင်းအလိုက် ပေးအပ်ကြသည်။
အဆိုပါအခမ်းအနားသို့ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ ရပ်ကွက်ကြီး (၁၉) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


