မန္တလေး၊ ၈ ဇန်နဝါရီ
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင် အသက်(၈၅)နှစ်အထက်ရှိ အဘိုးအဘွား(၁၁၀၀)ကျော်အတွက် လူမှုရေး ပင်စင်ငွေနှင့် ထပ်ဆောင်းထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ညနေ ၃ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးနှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကျော်ဦးတို့က အမှာစကားအသီးသီး ပြောကြားကြပြီး အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေအောင်ကျော်တို့က အဘိုးအဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အောင်မြေသာစံမြို့နယ်အတွက် ပေးအပ်သော လူမှုရေးပင်စင်ငွေနှင့် ထပ်ဆောင်းထောက်ပံ့ငွေများကို မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး (၁၉)ရပ်ကွက်မှ အသက်(၈၅)နှစ်အထက် အဘိုးအဘွား(၁၁၈၀)အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) သုံးလစာလူမှုရေးပင်စင်ငွေများကို တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ငွေကျပ်၃၅၄သိန်းကိုလည်းကောင်း၊ အဆိုပါအဘိုးအဘွားများထဲမှ အသက်(၁၀၀)နှစ်နှင့် အထက်ရှိသူ အဘိုးအဘွား (၂၂)ဦးအတွက် ကိုဗစ်ကာလထပ်ဆောင်း ထောက်ပံ့ငွေအဖြစ် တစ်ဦးလျင်ငွေကျပ် ၃၀၀၀၀နှုန်းဖြင့် ငွေကျပ်၆သိန်း၆သောင်းကျပ်ကိုလည်းကောင်း စုစုပေါင်းငွေကျပ်၃၆၀သိန်း ၆သောင်းကျပ်ကို ရပ်ကွက်များတွင်ရှိကြသော အဘိုးအဘွားဦးရေများအလိုက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိတို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ပေးအပ်ကြသည်။
မန္တလေးခရိုင်အတွင်းရှိ မန္တလေးမြို့ပေါ်(၅)မြို့နယ်၌ အောင်မြေသာစံမြို့နယ်တွင် အသက်(၈၅)နှစ်အ ထက်ရှိသူ အဘိုးအဘွား(၁၁၈၀)ဦးထဲမှ အသက် (၁၀၀)နှစ်အထက်ရှိသူ အဘိုးအဘွား(၂၂)ဦး၊ ချမ်းအေးသာစံမြို့နယ်တွင် အသက်(၈၅)နှစ်အထက်ရှိသူ အဘိုးအဘွား(၉၅၁)ဦးမှ အသက်(၁၀၀)နှစ်အထက်ရှိသူ အဘိုးအဘွား(၁၀)ဦး၊ မဟာအောင်မြေမြို့နယ်တွင် အသက်(၈၅)နှစ်အထက်ရှိသူ အဘိုးအဘွား(၉၀၇)ဦးမှ အသက်(၁၀၀)နှစ်အထက်ရှိသူ အဘိုးအဘွား(၁၁)ဦး၊ ချမ်းမြသာစည်မြို့နယ်တွင် အသက်(၈၅)နှစ်အထက်ရှိသူ အဘိုးအဘွား (၈၆၅)ဦးမှ အသက်(၁၀၀)နှစ်အထက်ရှိသူ အဘိုးအဘွား(၇)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အသက်(၈၅)နှစ်အထက်ရှိသူ အဘိုးအဘွား(၅၆၀)မှ အသက်(၁၀၀)နှစ် အထက်ရှိသူ အဘိုးအဘွား(၆)ဦး၊ စုစုပေါင်းအသက်(၈၅)နှစ်အထက်ရှိသူ အဘိုးအဘွား(၄၄၆၃)ဦးမှ အသက်(၁၀၀)နှစ်အထက်ရှိသူ အဘိုးအဘွား (၅၆)ဦးတို့ရှိကြောင်းကို မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ဇော်လင်းဦး (အောင်စံ)


