မန္တလေး ၂၈ မတ်
မန္တလေး အောင်မြေသာစံမြို့နယ်တွင် COVID-19 သံသယလူနာများ ထားရှိနိုင်ရေးအတွက် သတ်မှတ်လျာထားသည့် နေရာများတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ယနေ့မွန်းလွဲ ၂ နာရီက အောင်မြေသာစံမြို့နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
“COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ယနေ့အချိန်ထိ ရောဂါလက္ခဏာတွေ့တဲ့လူနာတွေကို ကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့ ဆေးရုံတစ်ခုမှာသော်လည်းကောင်း၊ ရောဂါလက္ခဏာ မတွေ့ရင်လည်း သတ်မှတ်ထားတဲ့ အခြားနေရာတစ်ခုမှာသော်လည်းကောင်း (၁၄)ရက် Quarantine ခံယူရမှာဖြစ်ပါတယ်၊ ယခုနေရာတွေကတော့ ကိုယ့်မြို့အတွက် လိုအပ်ရင်အသုံးပြုဖို့ ကြိုတင်ပြင်ဆင်ထားတာပါ”ဟု အောင်မြေသာစံမြို့နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က ပြောသည်။
အောင်မြေသာစံမြို့နယ်တွင် COVID-19 သံသယလူနာများ ထားရှိနိုင်ရန်အတွက် သတ်မှတ်လျာထားသည့် နေရာများမှာ အိုးဘိုရွှေကျင် ရပ်ကွက်တွင်ရှိသော မန္တလေးတိုင်းရင်းဆေးရုံကြီးနှင့် ၁၄ လမ်းနှင့် ၆၂ လမ်းထောင့်၊ ဒေါနဘွားရပ်ကွက်တွင်ရှိသော မန္တလေး ဇီဝိတဒါန သာသနာ့ဆေးရုံကြီးတို့တွင် ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


