မန္တလေး စက်တင်ဘာ ၁၃
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ် ထားသည့် ဦးစားပေးအုပ်စုများအလိုက် ပထမအကြိမ်ထိုးနှံပြီးသူများကို ယနေ့နံနက်၈နာရီက မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်နေရာများ၌ ဒုတိယအကြိမ်မြောက် ဆက်လက်ထိုးနှံပေးကြသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက ထိုးနှံပေးကြရာ ဆေးထိုးစုရပ်နေရာများဖြစ်သောဒေါနဘွားရပ်ကွက် မုန်တိုင်ဓမ္မာရုံ၌(၁၀၂)ဦး၊ အမရဌာနီ အရှေ့ ရပ်ကွက် ဒေါ်ဖီဓမ္မာရုံ၌ (၁၅၉)ဦး၊ ပြည်ကြီးရန်လုံရပ်ကွက် ကိုးခန်းဓမ္မာရုံ၌ (၂၄၅)ဦး၊ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ ရွှေကျီးမြင်ဘုရားရှိ ရွှေကျီးနားဓမ္မာရုံ၌ (၁၈၂)ဦး၊ အမရဌာနီအရှေ့ရပ်ကွက်ရှိ ဘီယာစက်ရုံ၌ (၃၉၂)ဦး၊ စုစုပေါင်း(၁၀၈၀)ဦးတို့ကို ဒုတိယအကြိမ်မြောက်အဖြစ် ကာကွယ်ဆေးထိုးနှံပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးကြောင်း မှတ်တမ်းကတ်ပြားများကိုလည်း တာဝန်ရှိသူများက တစ်ပါတည်း ပေးအပ်ကြ သည်။
အဆိုပါ ကာကွယ်ဆေးများထိုးပေးရာသို့ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှဦးစီးမှူးများ၊ သက်ဆိုင်ရာရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပြီး ဆေးထိုးရန်ကျန်ရှိသူများကိုလည်း နောက်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


