မန္တလေး ၇ ဩဂုတ်
အောင်မြေသာစံမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်များ စာရင်းကို သတ်မှတ် ပုံစံအတိုင်း (၁၄)ရက်ကြာ ကပ်ထားကြေညာခဲ့ရာ မဲဆန္ဒရှင်များ စာရင်းကို ပိုမိုပြည့်စုံ မှန်ကန်စေရန်နှင့် မဲဆန္ဒရှင် များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် အချိန်ပိုမိုရရှိစေရန် ရည်ရွယ်၍ ဩဂုတ် ၈ ရက်မှ ၁၄ ရက်အထိ (၇)ရက် ထပ်မံတိုးမြှင့် ကပ်ထားကြေညာပေးမည်ဖြစ်ကြောင်း အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မဲဆန္ဒရှင်များ စာရင်းကို နောက်ထပ်(၇)ရက် တိုးမြှင့်ကပ်ထား ကြေညာဖို့ရာအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကျွန်တော်တို့ကို အကြောင်းကြားလာပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ကလည်း ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲများကို ထပ်ဆင့်အသိပေး အကြောင်းကြားထားပြီး ပြည်သူများ သိရှိနိုင်စေဖို့နဲ့ မဲစာရင်းများ လာရောက် ကြည့်ရှုကြစေဖို့ကို သက်ဆိုင်ရာ ရပ်ကွက်အလိုက် မော်တော်ယာဉ်များနဲ့ ရပ်ကွက်အတွင်း လှည့်လည်ပြီး လိုက်လံအသိပေး နှိုးဆော်ကြဖို့ကိုလည်း တိုက်တွန်းမှာကြားထားပါတယ်ဟု အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီးက ပြောသည်။
အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်များစာရင်း ကပ်ထားကြေညာခြင်းကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်အထိ (၁၄)ရက်ကြာ ထုတ်ပြန် ကြေညာထားရာ ဩဂုတ်လ ၆ရက်နေ့အထိ လာရောက်ကြည့်ရှုသူ ၁၄၆၂၈ဦး၊ ပုံစံ(၃)ဖြင့် တောင်းဆိုသူ ၄၂၉၅ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ ၆၄၉ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ ၂၄၈၉ဦး တို့ရှိကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)