မန္တလေး အောက်တိုဘာ ၁၇

 

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၁၅ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သော ဒေသန္တရအမိန့်အမှတ်(၆/၂၀၂၀)အား ပြည်သူများ သိရှိလိုက်နာ စေရေးအတွက် အောက်တိုဘာ၁၆ရက် ညနေ၆နာရီမှစတင်၍ မြို့နယ် အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်များ အလိုက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြေညာခဲ့ကြသည်။

 

mdn

 

မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန် ကြေညာလိုက်သည့် အမိန့်အမှတ် (၆/၂၀၂၀)မှာ အောင်မြေသာစံမြို့နယ်အတွင်း မီးရှူး၊ မီးပန်း၊ ဗျောက်အိုး၊ ရှူးဒိုင်းများ၊ ပစ်ဖောက်ခြင်း၊ သိုလှောင် ရောင်းဝယ်ခြင်းများကြောင့် အများပြည်သူတို့အား အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများကြောင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ကွက်အေးချမ်းသာယာရေးနှင့် နယ်မြေလုံခြုံရေးကို ထိခိုက်စေနိုင်သဖြင့် မီးရှူး၊ မီးပန်း၊ ဗျောက်အိုး၊ ရှူးဒိုင်းများ၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ရောင်းဝယ်ခြင်း၊ ပစ်ဖောက်ခြင်း၊ ဖြန့်ဖြူးခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ရန် တားမြစ်ချက်ဖြစ်ပြီး ဤတားမြစ်ချက်အား လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း တားမြစ်ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ တားမြစ်ချက်များအား အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် လိုက်နာ စေရေးတို့အတွက် အောင်မြေသာစံမြို့နယ် အတွင်းရှိ ရပ်ကွက်များတွင် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် မော်တော်ယာဉ်များဖြင့် လှည့်လည်၍ အသံချဲ့စက်များဖြင့် ကြေညာပေးကြခြင်း ဖြစ်ကြောင်းသိရသည်။

 

ဇော်လင်းဦး(အောင်စံ)