မန္တလေး၊ ၁၉ ဇန်နဝါရီ
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများနှင့် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက်၁၀နာရီက အမှတ်(၈) အခြေခံပညာအထက် တန်းကျောင်းရှိ ဧသီဒါခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့် ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး၏ လုပ်ငန်းတာဝန်များအပိုင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းတာဝန်များအပိုင်း၊ ကြီးကြပ်ရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်များအပိုင်း၊ ကြိုတင်ပြင်ဆင်ရမည့် အချက်များနှင့်အကြံပြုချက် အပိုင်းတို့ကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန်၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးမြို့ဆောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇင်မြင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


