အောင်မြေသာစံ ဇူလိုင် ၁၂
မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာသကဲ့သို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်လည်း ရောဂါဖြစ်ပွားမှု များပြားလာသဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် Stay at Home ကာလအတွင်း ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာမှုမရှိစေရေး မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ၁၉ လမ်းနှင့် မြို့ပတ်သံလမ်းအနီး ပုသိမ်ကြီးမြို့နယ်အစပ်တွင် အထိုင်ဂိတ်ဖွင့်လှစ်၍ နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း နံနက် ၆ နာရီမှစတင်၍ အဆိုပါဂိတ်နေရာ၌ စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
စစ်ဆေးရာအထိုင်ဂိတ်တွင် မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက Stay at Home အစီအစဉ်တွင်ပါဝင်သော အောင်မြေသာစံမြို့နယ်အတွင်းသို့ အခြားမြို့နယ်များမှ ပြည်သူများ နယ်မြေကျော် ဖြတ်သန်းခြင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများဈေးဝယ်ထွက်ခြင်းနှင့် ဆေးရုံဆေးခန်းပြသခြင်းတို့အတွက် နေအိမ်ပြင်ပ ထွက်ခွာသွားရောက်ပါက နယ်မြေဖြတ်သန်းခွင့် ကတ်ပြားများ၊ ဈေးဝယ်သွားရန်ကတ်ပြားများ၊ ဆေးရုံဆေးခန်းသွားရောက်ရန် ကတ်ပြားများ၊ ဝန်ထမ်းများက ဝန်ထမ်းကတ်များ တစ်ပါတည်းယူဆောင်၍ Stay at Home စည်းမျဉ်းစည်းကမ်းများနှင့်အညီ သွားလာမှုရှိမရှိ စစ်ဆေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း(Mask) များအား စနစ်တကျတပ်ဆင် သွားလာမှုရှိမရှိတို့ကို စစ်ဆေးကြရာ စည်းကမ်းမလိုက်နာသူများအား မြို့နယ်အတွင်း ဖြတ်သန်းသွားလာခွင့် မပြုဘဲ လာရာလမ်းအတိုင်း ပြန်လည်စေလွှတ်ကြပြီး သက်ဆိုင်ရာကတ်ပြားတစ်မျိုးမျိုး ပါရှိမှသာ မြို့နယ်အတွင်း ဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ်သည်။
အဆိုပါ မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွင် အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့များက ပူးပေါင်းပါဝင်ကာ အထိုင်ဂိတ်တွင် စစ်ဆေးခြင်းများ ဆောင်ရွက်ကြသကဲ့သို့ မြို့နယ်အတွင်း၌လည်း မိုဘိုင်းလှည့်လည်၍ ကွင်းဆင်းစစ်ဆေးခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


