ရန်ကုန်   ၁၇  မေ

 

၂၀၁၇-၂၀၁၈ ခုနှစ်တွင် အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းတွင် ငွေကျပ် သိန်းပေါင်း ၁၇၈၀ဝ ၊ ဒဂုံဧရာ အဝေးပြေးကုန်တင်ယာဉ်ရပ်နားစခန်းတွင် ငွေကျပ်သိန်းပေါင်း ၃၈၀ဝ ဖြင့် တင်ဒါအောင်မြင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ပြောသည်။

 

'' ရန်ကုန်တိုင်းအတွင်းရှိ အဝေးပြေးကားဝင်း နှစ်ခုဖြစ်သော အောင်မင်္ဂလာအဝေးပြေးကွင်းနှင့် ဒဂုံဧရာ အဝေးပြေးကွင်းတို့တွင် ကောက်ခံနေသော ကားဝင်ကြေးများကို မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို'' ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက မေးမြန်းခဲ့တာ ဖြစ်ပြီး ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက '' အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် ဒဂုံ-ဧရာပွဲရုံနှင့် အဝေးပြေး ကုန်တင်ယာဉ်ရပ်နားစခန်း ယာဉ်ဝင်ခကောက်ခံသည့် လုပ်ငန်းကို ၂၀ဝ၄-၂ဝဝ၅ မှ ၂၀ဝ၆-၂၀ဝ၇ နှစ်ထိ လေလံသဘောမျိုးသွားပါကြောင်း၊ ၂၀ဝ၇-၂၀ဝ၈ မှ ၂၀၁၂ ထိ ညှိနှိုင်းသဘောမျိုး သွားပါကြောင်း၊ ၂၀၁၂-၂၀၁၃ မှ ၂၀၁၅-၂၀၁၆ ထိ BOT စနစ်နှင့်သွားကြောင်း” ပြောသည်။

 

၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် BOT၊ ညှိနှိုင်း၊ လေလံမခေါ်ဘဲ အမြင့်ဆုံးသွင်းနိုင်တဲ့  တင်ဒါပစ်လိုက်သည့်အခါ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အောင်မင်္ဂလာစခန်းတွင် ငွေကျပ်သိန်းပေါင်း ၁၇၈၀ဝ ၊ ဒဂုံဧရာစခန်းတွင် ငွေကျပ်သိန်းပေါင်း ၃၈၀ဝ တင်ဒါအောင်မြင်ခဲ့ပါကြောင်း၊ ပြေစာဖြတ်ပိုင်း ပြန်လည်ပေးအပ်ခြင်းနှင့် ပတ်သက်၍ စခန်းများအတွင်း ယာဉ်များဝင်ရောက်ပါက ယာဉ်ဝင်ခပေးဆောင်ပြီး ပြေစာဖြတ်ပိုင်း ပြန်လည်ထုတ်ပေးရန်အတွက် သက်ဆိုင်ရာ စခန်းတာဝန်ခံများက အနီးကပ် ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း၊ အောင်မင်္ဂလာစခန်းနှင့် ဒဂုံ-ဧရာ စခန်း၏ မျက်နှာစာလမ်းပေါ်တွင် ယာဉ်ကြောကြပ်တည်းသည့် အခြေအနေများနှင့် ဝင်ပေါက်များတွင် ယာဉ်များ စုပြုံပိတ်ဆို့နေသည့် အချိန်များတွင် ပြေစာမပေးနိုင်သည့် အခြေအနေများရှိသော်လည်း ယာဉ်မောင်းများက တောင်းခံပါက ပြန်လည်ထုတ်ပေးလျက်ရှိပါကြောင်းနှင့်  အထူးအားဖြင့် ကုမ္ပဏီပိုင်ယာဉ်များမှ မောင်းနှင်သူများအနေဖြင့် ယာဉ်ဝင်ပြေစာများကို အရတောင်းခံလေ့ရှိကြောင်း ဦးမောင်မောင်စိုးက ပြောသည်။

 

၂၀၁၇-၂၀၁၈ ခုနှစ်တွင် အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းတွင် သိန်းပေါင်း ၁၇၈၀ဝ ၊ ဒဂုံဧရာ အဝေးပြေးကုန်တင်ယာဉ်ရပ်နားစခန်းတွင် သိန်းပေါင်း ၃၈၀ဝ ဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး  တင်ဒါစနစ်ဖြင့် အငှားချထားခဲ့သည့် အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် ဒဂုံ-ဧရာပွဲရုံနှင့် အဝေးပြေး ကုန်တင်ယာဉ်ရပ်နားစခန်း ယာဉ်ဝင်ခကောက်ခံသည့်လုပ်ငန်း တင်ဒါအငှားချ တန်ဖိုးငွေများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ရငွေစာရင်းသို့ ပေးသွင်းပါကြောင်း  ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားခဲ့သည်။

 

ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကို တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ ၁၂၂ ဦးအနက် ၁ဝ၉ ဦး တက်ရောက်ခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များမှ ကြယ်ပွင့်ပြမေးခွန်း ၃ ခု မေးမြန်းခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ သိရသည်။

 

 

MDN