မိမိရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိရေးအတွက် ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်၊ ပညာ ဤလေးပါးကို လက်ကိုင်ထား ရမည်ဟု အဆို ရှိသည်။ ထိုလေးပါးကို အောင်မြင်ခြင်းတရားဟု ခေါ်သည်။ ပညာရေးတွင်ဖြစ်စေ၊ အလုပ်အကိုင် အမှုကိစ္စတို့ဆောင်ရွက်ရာတွင်ဖြစ်စေ မည်သည့်ကိစ္စကိုမဆို အောင်မြင်မှုရယူရာ၌ ထိုလေးပါးကို လက်ကိုင်ထားပါက မလွဲဧကန် ဖြစ်စေနိုင် ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၂ ရက်နေ့က တွန်းဇံမြို့နယ် ဆဲဘောက် ကျေးရွာအုပ်စု ဟားခါးလေးမြောက်ကျေးရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် “ကျွန်မတို့ပြည်သူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ အောင်မြင်ခြင်းတရား လေးပါးကို ပြန်ပြီးသတိပေးရပါတယ်။ ဆန္ဒရှိရမယ်၊ ဝီရိယရှိရမယ်၊ မှန်ကန်တဲ့ စိတ်ဓာတ်ရှိရမယ်၊ ပညာရှိရမယ်” ဟူသည့် တရားလေးပါးကို ရှင်းလင်းပြောကြားခဲ့သည်။

“ဒီနိုင်ငံကြီးကို အင်မတန်မှ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်စေချင်တယ်။ ဒီလိုဖြစ်ဖို့ အတွက် ကျွန်မတို့က အင်မတန်မှ ဆန္ဒပြင်းပြပါတယ်။ ကျွန်မတို့နည်းတူ ကျွန်မတို့ရဲ့ ပြည်ထောင်စု သားသမီး အားလုံးကလည်း ဆန္ဒလိုအပ်ချက်တွေက ပြင်းပြမယ်လို့ ကျွန်မထင်ပါတယ်။ ဒါပေမယ့် ဆန္ဒရှိရုံမကဘူး၊ ဒီဆန္ဒတွေကို အကောင်အထည်ဖော်ဖို့အတွက် လုံ့လ၊ ဝီရိယနဲ့ အလုပ် လုပ်သွားရမှာဖြစ်ပါတယ်။ ကြိုးစားသွားရမှာ ဖြစ်ပါတယ်” ဟု ရှင်းပြခဲ့ပြီး အဓိကကျသည့် ပညာနှင့်ပတ်သက်၍ အကျယ်တဝင့် ပြောကြားခဲ့သည်။

အဆိုပါ တရားလေးပါးသည် လူသားများအားလုံး မှတ်သားလိုက်နာ အပ်သည့် အမှန်တရားများ ဖြစ်သည်။ ထိုတရားလေးပါးတွင် ပညာသည် အရေးပါပြီး မိမိရည်မှန်းရာလုပ်ငန်းအား မည်သို့ ဆောင်ရွက်မည်ကို ပညာကိုအခြေခံသော ချင့်ချိန်တတ်သည့် စိတ်ဓာတ်ဖြင့် ဆောင်ရွက်ရသည်။ ပညာအခြေခံစိတ်ဓာတ်မမှန်ကန်ပါက ကြိုးစားမှုလမ်းမမှန်ဘဲ အောင်မြင်မှုနှင့် လွဲချော်နိုင်ပြီး အန္တရာယ်များပင် ဖြစ်စေနိုင်ပေသည်။

ပညာသည် အခြေအနေတစ်ခုကို မှန်မှန်ကန်ကန် သုံးသပ် ဆင်ခြင်ပြီး ထိုဆင်ခြင်မှုအပေါ် အခြေခံ၍ လုပ်သင့်လုပ်ထိုက် သည်တို့ကို ရဲရဲဝံ့ဝံ့လုပ်ကိုင်နိုင်သော သတ္တိအစွမ်းကိုဆိုလိုသည်။ စစ်မှန်သောပညာသည် သေချာသော အောင်မြင်မှုပင် ဖြစ်သည်။ ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်၊ ပညာ တရားလေးပါးအပြင် သတ္တိဖြင့်လည်း ချဉ်းကပ်ဆောင်ရွက်သင့် ကြောင်း သိရှိမှတ်သားရသည်။

လက်ရှိကာလတွင် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးမှာ အထူးလိုအပ်နေသည်။ ယင်းလိုအပ်ချက်များကို ပြည်ထောင်စု သား တိုင်းရင်းသားပြည်သူအားလုံးက ကိုယ်စီကိုယ်စီ စွမ်းရည်သတ္တိများနှင့် ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်မှသာလျှင် တိုင်းပြည်၏အနာဂတ် ရည်မှန်းချက် ပန်းတိုင်ဆီသို့ ခရီးပေါက်နိုင်မည်ဖြစ်သည်။ လူတိုင်းလူတိုင်း ပြည်သူတိုင်းတွင် ကိုယ်စီကိုယ်စီ အရည်အသွေးများ၊ တန်ဖိုးများ ရှိပေသည်။ ထိုအရည်အသွေးများ၊ တန်ဖိုးများကို မှန်မှန်ကန်ကန် အသုံးချ မည်ဆိုလျှင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ ရည်မှန်းချက်သို့ မြန်မြန်ဆန်ဆန် ရောက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ဖွံ့ဖြိုးရေးကို ဆောင်ကြဉ်းပြီး ငြိမ်းချမ်းရေးကို တက်ညီလက်ညီ ဖော်ဆောင်ကြမည်၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပြီး ဖွံ့ဖြိုးရေးကို ဆောင်ကြဉ်းနိုင်ကြမည်ဆိုပါက မျှော်မှန်းထားသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို မြန်ဆန်စွာ တည်ဆောက်နိုင်မည် ဖြစ်သည်။ ဤနိုင်ငံအနေဖြင့် တိုးတက်မှုမြန်ရေး၊ ဖွံ့ဖြိုးမှုမှန်ရေး အထူးလိုအပ်နေသည်။ ပတ်ဝန်းကျင်နိုင်ငံများနှင့်နှိုင်းစာလျှင် အလွန် နောက်ကျနေသောကြောင့် အလျင်အမြန် ကြိုးစားအားထုတ်ဖို့လိုအပ်နေသည်။

သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ လိုအပ်ချက်မှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး အောင်မြင်စွာ တည်ဆောက်နိုင်ရေးဖြစ်ရာ ယင်းရည်မှန်းချက် အောင်မြင်ရေးအတွက် ပြည်ထောင်စုသားအားလုံး အောင်မြင်ခြင်းတရားနှင့် သတ္တိများကို လက်ကိုင်ထားကာ ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက် ကြရန် တိုက်တွန်းအပ်ပါသည်။
(ကြေးမုံ)