သိန်းထွန်း(IR)

လူတစ်ဦးအတွက် စိတ်ဓာတ်တက်ကြွခြင်း၊ ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်း အပါအဝင် မိမိတို့၏ ရည်မှန်းချက်များရရှိရန် ကြိုးစားအားထုတ်ကြရာတွင် စိတ်ခွန်အားများသည် ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် အဓိကမောင်းနှင်အားအဖြစ် တွေ့ရပါသည်။ စိတ်ခွန်အားများသည် လူ တစ်ယောက်အား နောက်ကွယ်မှ မောင်းနှင်နေသည့် စွမ်းအားများ ဖြစ်ကြပါသည်။ ထိုစိတ်ခွန်အားများကို ကိုယ်တိုင်က သိရှိထိန်းကျောင်းခြင်းဖြင့် ထူးခြားသော ကိုယ်ရည်ကိုယ်သွေးများ ရရှိနိုင်ပါသည်။ 

တစ်ခါတစ်ရံ လူတစ်ဦးတစ်ယောက်အတွက် ကိုယ်တိုင်ကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင်၏ ဂယက်ကြောင့်ဖြစ်စေ တစ်ခါတစ်ရံ သို့မဟုတ် အချိန်ကာလတစ်ခု သို့မဟုတ် နေ့စဉ်လိုလို စိတ်ဓာတ်ကျဆင်းခြင်း၊ မလုပ်ချင် မကိုင်ချင်စိတ်ဖြစ်ခြင်း၊ မျှော်လင့်ချက်များကုန်ဆုံးခြင်း၊ လက်လျှော့လိုစိတ်ဖြစ်ခြင်း ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ အားနည်းခြင်းများ ဖြစ်တတ်ကြပါသည်။ ယင်းသို့သော စိတ်အခြေအနေများသည် ရှိရင်းစွဲအခြေအနေကိုပင် ပိုမိုဆုတ်ယုတ်စေတတ်ရာ မိမိ၏စိတ်ခွန်အားများ ပြောင်းလဲခြင်း သို့မဟုတ် မြှင့်တင်ခြင်းဖြင့် ပြောင်းလဲနိုင်ပါသည်။ စိတ်ခွန်အား ပြောင်းလဲခြင်းမှတစ်ဆင့် မိမိတို့၏ အတွေးအခေါ်၊ အပြုအမူများနှင့် အရည်အသွေးများ ပြောင်းလဲလာစေပြီး ဘဝရည်မှန်းချက်ဆိုင်ရာ အပြုသဘောရလဒ်များကို ဖန်တီးရရှိစေနိုင်ပါသည်။

အောင်မြင်မှုကို ဆာလောင်နေသူတိုင်းသည် အပြုသဘောစွမ်းအားများ မွေးမြူကြရပါသည်။ ယင်းစွမ်းအားများကို စိတ်ခွန်အားမြှင့်တင်ခြင်း ဖြင့် ရရှိနိုင်ပါသည်။ စိတ်ခွန်အားမြှင့်တင်ခြင်း၏ ဆန့်ကျင်ဘက်မှာ စိတ်ဓာတ်ကျဆင်းခြင်း၊ မပျော်ရွှင်ခြင်း၊ တွေဝေခြင်း၊ လက်လျှော့လိုခြင်း ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ အပျက်သဘောများ ဖြစ်ပါသည်။ အပြုသဘောစိတ်ခွန်အား၊ အပျက် သဘာ စိတ်ခွန်အား နှစ်ခုစလုံးသည် လူတစ်ဦး တစ်ယောက်အတွက်သာမက အဖွဲ့အစည်းတစ်ခု အပေါ်အထိ အကျိုးသက်ရောက်မှုများ ဖြစ်စေတတ်သည်ကို သတိထားပြုပြင်ခြင်းဖြင့် လူတစ်ဦးအတွက် အဓိက မောင်းနှင်အားကို ထိန်းကျောင်းရယူနိုင်ပါသည်။

စိတ်ခွန်အားမြှင့်တင်ခြင်း

စိတ်ခွန်အားမြှင့်တင်ခြင်းသည် အိပ်မက်များကို လက်တွေ့အဖြစ်သို့ ပြောင်းလဲစေနိုင်ပြီး မိမိတို့၏ ရည်မှန်းချက်များပြည့်ဝစေရန် ကူညီပေးနိုင်သည့် အခြေခံကျွမ်းကျင်မှုတစ်ရပ်ဖြစ်ပါသည်။ ထိုစိတ်ခွန် အားမြှင့်တင်ခြင်းကို စိတ်ကူးဖြင့် လွယ်လွယ်ကူကူ လက်ခံနိုင်သော်လည်း လက်တွေ့ကျင့်ကြံရာတွင် လွယ်လွယ်ကူကူနှင့် မရတတ်ချေ။ တစိုက်မတ်မတ်လုပ်ဆောင်ကြရပါသည်။ ထိုကျွမ်းကျင်မှုများရရှိရန် ကိုယ်တိုင်ဆုံးဖြတ်ချက်များ ခိုင်မာရသည်။ စဉ်ဆက်မပြတ် ထိန်းကျောင်းရန် ဇွဲ၊ လုံ့လ၊ ဝီရိယများ လိုအပ်ပါသည်။ 

အောင်မြင်မှုတိုင်းတွင် ကြိုးစားအားထုတ်မှု ပါဝင်ရပါသည်။ မိမိတို့၏ ဘဝရည်မှန်းချက်များ လက်တွေ့အကောင်အထည်ဖော်ရန်၊ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲအကျပ်အတည်းများမှ ရုန်းထွက်ရန်နှင့် ပိုမိုကောင်းမွန်သောနေထိုင်မှု ပုံစံပြောင်းလဲရန်ဆိုပါက အခြေခံလုပ်ဆောင်ရန်မှာ မိမိ၏စိတ်ခွန်အားများကို ပြောင်းလဲမြှင့်တင်ရန်ပင် ဖြစ်ပါသည်။ ဘဝတွင် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုရရှိသူတိုင်းသည် မိမိတို့အမှန်တကယ် လိုချင်သောအရာများ ရရှိရန်အတွက် စိတ်ခွန်းအားကို အမြဲတစေမြှင့်တင်ပေးလျက်ရှိကြသည်ကို တွေ့နိုင်ပါသည်။

သို့သော် စိတ်ခွန်အားသဘောမှာလည်း လူတစ်ဦး၌ပင်လျှင် တစ်ပြေးညီ ရှိမနေတတ်ပေ။ တစ်ခုခုလုပ်မည်ဆိုသည့်အခါ စိတ်တွင် တွန့်ဆုတ်နေခြင်း၊ ကြောက်ရွံ့နေခြင်း၊ စိုးရိမ်နေခြင်း၊ မိမိကိုယ် မိမိမယုံကြည်ခြင်း၊ အချိန်ဆွဲနေခြင်းကဲ့သို့သော အခြေအနေများ ပြောင်းလဲဖြစ်ပေါ်နေတတ်ကြပါ သည်။ ယင်းအခြေအနေကို သိရှိနေခြင်းဖြင့် စိတ်ခွန်အားအပြောင်းအလဲကို ပြုပြင်ကြရပါသည်။

စိတ်ထောင်းတော့ ကိုယ်ကြေဆိုသည့် စကား ကဲ့သို့ စိတ်ခွန်အားအနိမ့်အမြင့်၊ အတက်အကျသည် ကာယကံရှင်၏ စဉ်းစားတွေးခေါ်ပုံမှအစ အပြုအမူ၊ အပြောအဆိုနှင့် လုပ်ရည်ကိုင်ရည်များအပေါ် သက်ရောက်နေပါသည်။ တစ်ခါတစ်ရံ တစ်ဦးချင်း သက်ရောက်မှုများမှတစ်ဆင့် ပတ်ဝန်းကျင်သို့ပင် သက်ရောက်လာသည်များ ရှိတတ်ကြသည်။ စိတ်ခွန်အားကျဆင်းနေသည့် လူတစ်ဦး၏ စဉ်းစားတွေးခေါ်မှု၊ အပြောအဆိုနှင့် အပြုအမူများသည် ထိုသူနှင့်ဆက်စပ်နေသူများကို ကူးစက်လာတတ် သည့်သဘောဖြစ်သည်။ ထိုမှတစ်ဆင့် စွမ်းဆောင် ရည်များ ကျဆင်းလာတတ်ပြီး ရည်မှန်းချက်များနှင့် တဖြည်းဖြည်းဝေးလာမည်ဖြစ်သည်။ ရည်မှန်း ချက်များနှင့် ပို၍ပို၍နီးလိုပါက စိတ်ခွန်အားများကို မြှင့်တင်ကြရမည်ဖြစ်သည်။

ထိုစိတ်ခွန်အားများ မြှင့်တင်ရန်အတွက် နည်းလမ်းများစွာ ရှိကြပါသည်။ တစ်ဦးနှင့်တစ်ဦး၏ စိတ်ခွန်အားအခြေအနေ မတူညီတတ်ကြသဖြင့် စိတ်ခွန်အားမြှင့်တင်ရာတွင်လည်း တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ချေ။ လူတစ်ဦးချင်းတစ်ယောက်ချင်းအတွက် စိတ်ခွန်အားမြှင့်တင်သည့် နည်းလမ်းများစွာအနက် လူတိုင်းအတွက် အသုံးဝင်မည့် အောက်ပါနည်းလမ်းအချို့ကို တွေ့ရပါသည် - 

ခိုင်မာသော ဆုံးဖြတ်ချက်ချခြင်းနှင့် အသုံးချခြင်း

စိတ်ခွန်အားမြှင့်တင်ခြင်းသည် လူတစ်ဦးအား မိမိကိုယ်မိမိ နားလည်သိရှိရန် အထောက်အကူဖြစ်စေပြီး ခိုင်မာသောဆုံးဖြတ်ခြင်းနှင့် လက်တွေ့ အသုံးချခြင်းဖြင့် မိမိတို့၏ ထူးခြားသော အစွမ်းအစများကို လက်တွေ့နားလည်စေပါသည်။ တိမ်မြုပ်နေသည့် အလားအလာများနှင့် အခွင့်အလမ်းများ သိရှိနားလည်သည်အထိ ရရှိသည့်တိုင် အပြောင်းအလဲဟု မဆိုနိုင်သေးပါ။ မိမိရည်မှန်းချက်အတွက် ခိုင်မာသောဆုံးဖြတ်ခြင်းနှင့် လက်တွေ့အသုံးချခြင်းသည်သာ ကိုယ်ပိုင်ကိုယ်ရည်ကိုယ်သွေး အပြောင်း အလဲကိုဖြစ်စေသည့် စိတ်ခွန်အားမြှင့်တင်ခြင်း လုပ်ငန်းစဉ်များ ဖြစ်ကြပါသည်။

စိတ်ခွန်အားဖြစ်စေသည့် စာများဖတ်ရှုခြင်း သို့မဟုတ် မိမိ၏လက်တွေ့ဘဝ အခြေအနေများကို စိန်ခေါ်မှုရှိသော လူများနှင့်တွေ့ဆုံခြင်းသည် လက်ရှိမနှစ်မြို့ဖွယ်အခြေအနေများကို အောင်မြင်မှုအဖြစ်သို့ ပြောင်းလဲပေးနိုင်ပါသည်။ ထို့ကြောင့် စိတ်ခွန်အားမြှင့်တင်ခြင်းသည် ဘဝ၏ အရည်အသွေးတိုးတက်ရေးကို အထောက်အကူဖြစ်စေပြီး လူမှုဝန်းကျင်အတွင်း ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးအဖြစ်သို့ ရောက်ရှိစေပါသည်။

မိမိကိုယ်မိမိ ယုံကြည်မှုတည်ဆောက်ခြင်း

မိမိကိုယ်မိမိ ယုံကြည်မှုတည်ဆောက်ခြင်းသည် စိတ်ခွန်အားအပြောင်းအလဲအတွက် အရေးပါသော လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ လူငယ်အတော်များများသည် မိမိ ကိုယ်မိမိ မယုံကြည်ကြခြင်းဖြစ်သည်။ အခက်အခဲ အကျပ်အတည်းများကြားတွင် လူအချို့မှာ ယုံကြည် ချက်များပျောက်ဆုံး၍ အိပ်မက်များနှင့် မျှော်လင့် ချက်များကို လက်လျှော့လိုက်တတ်ကြသည်။ “ငါလုပ်နိုင်တယ်ဆိုသည့် စိတ်ဓာတ်” မရှိခြင်းသည် အရင်းခံအကြောင်းတစ်ခုအဖြစ် တွေ့ရလေ့ရှိသည်။ 

လူတိုင်းသည် မတူညီသောဘဝအခြေအနေ အမျိုးမျိုးတွင် ဖြတ်သန်းကြသည်ဖြစ်ရာ စိတ်ပိုင်းဆိုင်ရာခံစားချက်၊ မိမိကိုယ်မိမိ ယုံကြည်မှုတို့တွင် လည်း ကွဲပြားခြားနားတတ်ကြပါသည်။ မည်သို့ပင် ဆိုစေ မိမိကိုယ်မိမိယုံကြည်မှုသည် ပြုစုပျိုးထောင် နိုင်ပါသည်။ မိမိကိုယ်မိမိ ယုံကြည်မှုမရှိသူများ အတွက် ယုံကြည်မှုကို ပြုစုပျိုးထောင်နိုင်သကဲ့သို့ ဘဝတွင် ပြင်းထန်သော ပြင်ပလောကဓံအခြေအနေ များကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုပျောက်ဆုံးနေသူများအနေဖြင့်လည်း ယုံကြည်မှု ပြန်လည်တည် ဆောက်ရန် အခွင့်အရေးရှိနေကြပါသည်။ စိတ်ခွန် အားမြှင့်တင်ခြင်းသည် အရာရာတွင် လျစ်လျူရှု ပစ်ပယ်ခံရသူများ၊ အထူးသဖြင့် လူငယ်များကို အထောက်အကူဖြစ်စေပါသည်။ စိတ်ခွန်အားမြှင့် တင်ခြင်းဖြင့် အသက်ရှင်ရပ်တည်ရန် သို့မဟုတ် အောင်မြင်သော ဘဝများသို့ တက်လှမ်းနိုင်ရန် ယုံကြည်မှုများကို ဖန်တီးပေးနိုင်ပါသည်။

မိမိကိုယ်မိမိ ယုံကြည်မှုတည်ဆောက်သည် ဆိုရာတွင် မိမိကိုယ်မိမိ ယုံကြည်စေနိုင်လောက် သည့် အရည်အသွေးများ၊ ကျွမ်းကျင်မှုများရှိရန်လည်း ကြိုးစားကြရပါသည်။ သို့မှသာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်ဖြစ်စေ၊ လုပ်ကိုင်ဆောင်ရွက် ရာတွင်ဖြစ်စေ မိမိကိုယ်မိမိ ယုံကြည်မှုတိုးမြင့်လာ နိုင်ပါသည်။ ယုံကြည်မှုနှင့်ပတ်သက်၍ အခြား တစ်ဖက်တွင် ယုံကြည်မှုလွန်ကဲခြင်းလည်း ဖြစ်တတ်ပါသည်။ 

ကျရှုံးမှုများကို မကြောက်ရွံ့ခြင်း

စိတ်ခွန်အားမြှင့်တင်ရာတွင် အရေးကြီးသည်မှာ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန်နှင့် ကျရှုံးမှုကို မကြောက်ရန်ဖြစ်ပါသည်။ အကြောက်တရားသည် အောင်မြင်သူများနှင့် မအောင်မြင်သူများကို ပိုင်းခြားထားသည့် အပိုင်းအခြားတစ်ခုဖြစ်ပါသည်။ သို့သော် မကြောက်ရန်ဆိုသည်မှာလည်း ဆင်ကန်း တောတိုးလုပ်ဆောင်ခြင်းကြောင့် ကျရှုံးမည်ကို မကြောက်သည့် သဘောမဟုတ်ချေ။ မကြာခဏ ဆိုသလို ကျရှုံးမည်ကို စိုးရိမ်ကြောက်ရွံ့ခြင်းကြောင့် မိမိတို့ကို အောင်မြင်မှု အထွတ်အထိပ်သို့ ပို့ဆောင် ပေးနိုင်သည့် လုပ်ငန်းသစ်တစ်ရပ်တွင် ပါဝင်ဆောင်ရွက်ရန် သို့မဟုတ် အခြားသော စိန်ခေါ်မှု အသစ်တစ်ခုကို လုပ်ဆောင်ရန် အဟန့်အတား ဖြစ်စေတတ်ပါသည်။ 

အယ်လ်ဘတ်အိုင်းစတိုင်းက မင်းဟာ ယခင်က လုံးဝမကျရှုံးဖူးသေးဘူးဆိုရင် အဲဒါဟာ အသစ် တစ်ခုခုကို မင်းဘယ်တုန်းကမှ စမ်းပြီး မလုပ်ဖူးသေးဘူးလို့ ဆိုလိုကြောင်း ပြောဖူးပါသည်။ ထို့ကြောင့် လူတစ်ယောက် မည်သို့သောအခြေအနေတွင် ကြီးပြင်းလာသည်ဖြစ်စေ လူတစ်ယောက်၏ စိတ်ခွန်အားမြှင့်တင်ရာတွင် သိသာထင်ရှားသည့် အဓိကအချက်တစ်ခုမှာ မိမိတို့၏ကြောက်ရွံ့မှုများကို ဖယ်ရှားပစ်ရန်နှင့် အောင်မြင်မှုအတွက် သတ္တိများ အစားထိုးရန် ဖြစ်ပါသည်။

သတ္တိများသည် တွေ့ကြုံလာနိုင်သည့် အခက်အခဲအတားအဆီးများကို ရင်ဆိုင်နိုင်ရန်ဖြစ်ပါသည်။ လွယ်လွယ်နှင့်လက်မလျှော့ရန် သတ္တိလိုအပ်ပါသည်။ သို့မှသာ မိမိဆုံးဖြတ်ထားသည့် ဆုံးဖြတ် ချက်များအတိုင်း မဆုတ်မနစ် လျှောက်လှမ်းနေနိုင် မည်ဖြစ်ပါသည်။

ပိုမိုကောင်းမွန်သော စိတ်ကူးစိတ်သန်းများ

စိတ်ခွန်အားမြှင့်တင်ရေးတွင် ပိုမိုကောင်းမွန်သော စိတ်ကူးစိတ်သန်းများ ရှာဖွေခြင်းနှင့် အသုံးချ ခြင်းသည်လည်း လက်ရှိအခက်အခဲများမှ ဖောက်ထွက်နိုင်ရန်နှင့် တိုးတက်သောအခြေအနေ ဖန်တီးရန် အထောက်အကူ ဖြစ်စေပါသည်။ ပိုမို ကောင်းမွန်သော စိတ်ကူးစိတ်သန်းများဆိုသည်က သူ့အလိုလို ပေါ်ပေါက်လာတတ်သည် မဟုတ်ချေ။ အမြဲတမ်းပြောင်းလဲနေသည့် ဤကမ္ဘာတွင် အကြောင်းအရာအသစ်များကို စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဖြင့် အတွေ့အကြုံသစ်များ၊ စိတ်ကူးစိတ်သန်းအသစ်များကို ရရှိစေမည်ဖြစ်သည်။ 

လက်ရှိအချိန်ကို အကျိုးရှိရှိအသုံးချ

စိတ်ခွန်အားပြောင်းလဲခြင်းသည် လူတိုင်း အတွက် အသုံးဝင်သော အလေ့အကျင့်တစ်ခု ဖြစ်ပါ သည်။ ဘဝတိုးတက်အောင်မြင်လိုသူများအတွက် သာမက ဘဝအခက်အခဲများနှင့် ရင်ဆိုင်နေရသူများ အတွက်လည်း လိုအပ်ပါသည်။ အောင်မြင်မှုလမ်းစများ၊ အခွင့်အလမ်းများနှင့် ကံကောင်းခြင်းများ ဆိုသည်က မိမိထံသို့ သူ့အလိုလို ရောက်လာသည် မဟုတ်ဘဲ ကိုယ်တိုင်လုပ်ကိုင် ဖန်တီးယူကြရပါသည်။ ထိုသို့ဖန်တီးယူရန် အကောင်းဆုံးအချိန်သည် ယခုအချိန်ပင် ဖြစ်ပါသည်။