၃၁ ဒီဇင်ဘာ

 

ယနေ့(ဒီဇင်ဘာ ၃၁ ရက်)သည် ၂၀၁၈ ခုနှစ်၏ နောက်ဆုံးနေ့ရက်ဖြစ်သည်။ မနက်ဖြန်တွင် နှစ်သစ်တစ်ခု အစပြုတော့မည်။ ဖြတ်သန်းခဲ့ကြပြီးသည့် တစ်နှစ်တာကို လည်ပြန်ကြည့်ကာ သုံးသပ်ပါက မိမိတို့နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍအသီးသီးတို့တွင် အားထည့် ရုန်းကန်ခဲ့ကြရသည်ဟု ဆင်ခြင်မိသလို လာမည့်နှစ်သစ်တွင်လည်း ထိုနည်းတူစွာ၊ ထို့ထက်ပို၍ ရုန်းကန်လှုပ်ရှားကြရမည်ဟုပင် မျှော်မှန်းထားမိသည်။ ဒီမိုကရေစီလမ်းကြောင်းပေါ် လှမ်းလျှောက်ခါစ နိုင်ငံတစ်နိုင်ငံအဖို့ ကဏ္ဍအသီးသီး၏ မျက်နှာစာတိုင်းမှာ ဖြည့်ဆည်းစရာ၊ ဆောင်ရွက်စရာ၊ ပြုပြင်စရာများစွာတို့ ရှိနေကြသည်မှာ သဘာဝဖြစ်သည့် အလျောက် နှစ်သစ်တိုင်းမှာ မျှော်လင့်စရာများ၊ ရင်ဆိုင်ကျော်လွှားစရာများက စောင့်ကြိုနေမည်မှာ သေချာသည့်သဘောပင်ဖြစ်သည်။

 

နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင်ဖြစ်စေ၊ လူတစ်ဦး ချင်းစီတို့၏ လူမှုစီးပွားဘဝများ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင်ဖြစ်စေ ဆွဲကိုင်ထားရမည့်အရာများမှာ ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်နှင့်ပညာ တို့ပင်ဖြစ်သည်။ ယင်းတို့မှာ ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားထားသော အောင်မြင်ခြင်း အတွက် အကြောင်းရင်းခံ အဓိပတိတရားလေးပါးပင်ဖြစ်သည်။ ပါဠိဝေါဟာရအဓိပတိ၏ မြန်မာအနက် အဓိပ္ပာယ်မှာ အကြီးအမှူး၊ အထွတ်အထိပ်ဟူ၍ ဖြစ်သည်။ ဆန္ဒဓိပတိ-ပြင်းပြထက်သန်သည့် အလိုဆန္ဒ၊ ဝီရိယာဓိပတိ-ကျားကုတ်ကျားခဲစွဲမြဲစွာ အားထုတ်ကြိုးပမ်းမှု၊ စိတ္တာဓိပတိ-မိုးထိမြင့်မားသည့် စိတ်ဓာတ်ခွန်အား၊ ဝီမံသာဓိပတိမြော်မြင်ကြီးမားသည့် ဉာဏ်ပညာတို့က ကြီးမားလှသော ခွန်အားနှင့် အောင်မြင်မှုကိုရယူနိုင်သော တန်ခိုးရှိသည့် စွမ်းအားများပင် ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားက-

ဆန္ဒဝတော ကိံ နာမကမ္မံ နသိဇ္ဇတိ၊ 
ဝီရိယဝတော ကိံ နာမကမ္မံ နသိဇ္ဇတိ၊
 စိတ္တာဝတော ကိံ နာမကမ္မံ နသိဇ္ဇတိ၊
 ပညာဝတော ကိံ နာမကမ္မံ နသိဇ္ဇတိ ဟူ၍ ဟောတော်မူထားသည်။

အနက်အဓိပ္ပာယ်မှာ - 
ဆန္ဒကြီးမားပြင်းပြသူအတွက် မပြီးမြောက်နိုင်သော အလုပ်ဟူသည်မရှိ။

 

ဝီရိယဖြင့် ပြည့်စုံသူများအတွက် မပြီးမြောက်နိုင်သော အလုပ်ဟူသည်မရှိ။ စိတ်အားထက်သန်သူအတွက် မပြီးမြောက်နိုင်သော အလုပ်ဟူသည်မရှိ။

 

ပညာပြည့်ဝသူအတွက် မပြီးမြောက်နိုင်သော အလုပ်ဟူသည်မရှိဟူ၍ ဖြစ်သည်။

 

အောင်မြင်မှုနှင့် ပြီးပြည့်စုံရန်၊ အောင်ပွဲခံနိုင်ရန်အတွက် သာမန်ဆန္ဒ၊ သာမန်ဝီရိယ၊ သာမန်စိတ်ဓာတ်၊ သာမန်ပညာမျှနှင့် မရနိုင်။ အဓိပတိ ထိုက်သောဆန္ဒ၊ အဓိပတိထိုက်သော ဝီရိယ၊ အဓိပတိထိုက်သော စိတ်ဓာတ်၊ အဓိပတိထိုက်သော ပညာတို့ကသာ အောင်မြင်မှုကိုဆောင်ကြဉ်းနိုင်မည်။ အဓိပတိပစ္စည်းသည် မိမိအကျိုး၊ အများအကျိုး၊ နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ရာတွင် အောင်ပွဲခံနိုင်မည့် တန်ခိုးဣဒ္ဓိပါတ်ဟုပင် ဆိုရမည် ဖြစ်သည်။

 

နှစ်တစ်နှစ် ဟောင်းသွားသည်။ နှစ်သစ်တစ်နှစ် ရောက်လာသည်။ ထိုနှစ်သစ်သည်လည်း ဟောင်းရဦးမည်။ လောကနိယာမ သဘောပင်ဖြစ် သည်။ မိမိတို့ဖြတ်သန်းပြီးသော ကာလတို့မှ သင်ခန်းစာယူဖွယ်ရှိသည်တို့ကို သင်ခန်းစာယူခြင်း၊ ဆင်ခြင်ဖွယ်ရှိသည်တို့ကို ဆင်ခြင်ခြင်း၊ မကောင်းမှုတို့ကို စွန့်ပယ်ကာ ကောင်းမှုတို့ကို ဆက်လက်သယ်ဆောင်ခြင်းဖြင့် အနာဂတ် ကို ဆက်လက်ဖြတ်သန်းကြရမည်ဟူ၍သာ မျှဝေအပ်ပါကြောင်း။ ။
(မြန်မာ့အလင်း)