၆ စက်တင်ဘာ

 

မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းမှု စက်မှုဇုန်စတင်တည်ထောင်ခြင်းနှင့် မြန်မာ-ကိုရီးယား အတူတကွအောင်မြင်တိုးတက်ခြင်းနှင့် ချမ်းသာကြွယ်ဝ ခြင်းတို့၏ မိတ်ဖက်ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် မြန်မာ-ကိုရီးယား စီးပွားရေးဖိုရမ်ကို  စက်တင်ဘာ ၄ ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းပခဲ့ရာ  အဆိုပါ စက်မှုဇုန်ဆောင်ရွက်ခြင်းအားဖြင့်  မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့ကအာရှကိုလွန်ပြီး    ကမ္ဘာ့ဈေးကွက်ကိုပါ    အတူသွားနိုင်မည်ဖြစ်ကြောင်း ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းက ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံ၏    စီးပွားရေးမြို့တော်   ရန်ကုန်မြို့အနီးရှိ  အကြီးစား စက်မှုဇုန်တွင် ဖက်ရှင်(အထည်ချုပ်)၊ အထည်အလိပ်၊ ဆောက်လုပ်ရေးနှင့်ဆက်သွယ်ရေး  စသည့်များစွာသော  စက်မှုလုပ်ငန်းများ  ဝင်ရောက်နိုင်သော  စက်မှုအခြေခံအဆောက်အအုံကို  တည်ဆောက်မည်ဖြစ်သည်။ အဆိုပါစီမံကိန်းသည် တူညီသောရည်မှန်းချက်ကို ဦးတည်ပြီးအလုပ်လုပ်နေသော မြန်မာ-ကိုရီးယား အစိုးရနှစ်ရပ်၏ ကြိုးစားအားထုတ်မှု၏ အရေးကြီးသောရလဒ်တစ်ခုဖြစ်သည်။

 

ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းက ကိုရီးယားနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် “ဟန်မြစ်၏ ထူးခြားအောင်မြင်မှု” ကို ဖန်တီးခဲ့သကဲ့သို့ မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး စက်မှုဇုန်က  မြန်မာနိုင်ငံ၌  “ဧရာဝတီရဲ့ ထူးခြားအောင်မြင်မှု”ကို  ဖန်တီးရာတွင် လှေကားထစ်တစ်ခုဖြစ်မည်ဟု မျှော်လင့်ပါကြောင်း။ မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အားကြီးလှသော ခုန်ကျော်တိုးတက်မှု တစ်စိတ်တစ်ဒေသအဖြစ် ကိုရီးယားနိုင်ငံက ပါဝင်နိုင်မည့်အတွက်လည်း ဝမ်းမြောက်မိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

 

ဖွံ့ဖြိုးတိုးတက်နေသော ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ်တွင် စိတ်ရင်းစေတနာမှန်သည့် မိတ်ဆွေကောင်းပီသစွာဖြင့် ရင်းနှီးမြှုပ်နှံ ပူးပေါင်းကူညီလုပ်ကိုင်မည်ဖြစ်သည်။ ပိုမိုအားကောင်းသော ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရာ၌ တိုးတက်သောနိုင်ငံ၏ အတွေ့အကြုံ၊ အသိအမြင်များမျှဝေပြီး မြန်မာနိုင်ငံမှ   အဆင့်မြင့်ပညာရေးနှင့် ထူးချွန်သော လူ့စွမ်းအားအရင်းအမြစ်များရရှိရန် စိတ်အားထက်သန်မှုများက စီးပွားရေး စနစ်သစ်အတွက် အခြေခံအုတ်မြစ်များပင်ဖြစ်သည်။

 

ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးစနစ် တီထွင်ဆန်းသစ်မှုတွင် ပူးပေါင်းဆောင်ရွက်ရန် ပထမကြိုးစားမည်ဖြစ်ပြီး ထိုသို့ကြိုးစားခြင်းမှသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်မည့် မြန်မာနိုင်ငံ၏ သုတေသနနှင့် တီထွင်ဆန်းသစ်မှု၊ ကုန်သွယ်မှုနှင့်  ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများ အောင်မြင်စွာလုပ်ဆောင်နိုင်ရေးကို ပညာရေးစနစ်က ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်ငန်းငယ်များ  တီထွင်ဆန်းသစ်ရေးကို  သဘောတူညီခဲ့ကြပြီး  ဇီဝ၊ နာနို၊ အာကာသ၊ နျူကလီးယား လျှပ်စစ်စက်ရုံလုပ်ငန်းများ စသည့်အလား အလာရှိသော အနာဂတ်စီမံကိန်းများကို စူးစမ်းလေ့လာ၊ ရေးဆွဲအကောင်အထည်ဖော်သွားမည့် အခွင့်အလမ်းတို့ကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဖြစ်သည်။

 

ထို့အပြင် ပြည်သူလူထုဘဝများကိုသာမက စက်မှုလုပ်ငန်းများကိုပါ အကူအညီပေးရာ၌ အထောက်အကူဖြစ်စေသော အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင်   ပိုမိုခိုင်မာအောင်လုပ်ဆောင်မည်ဖြစ်ရာ သဘောတူညီထားသော ပြင်ပစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအမေရိကန်ဒေါ်လာ တစ်ဘီလီယံမှတစ်ဆင့် ဆက်လက်၍ အပြန်အလှန်ပူးပေါင်းဆောင်ရွက်သွားရန်  မျှော်လင့်ထားပြီး စီးပွားရေးလုပ်ငန်းများ တည်ငြိမ်စွာဖြင့် အောင်မြင်စွာလည်ပတ်နိုင်အောင် ဆောင်ရွက်ကြမည်ဖြစ်သည်။     ။


 
ကြေးမုံ