မောင်သောင်းဝင်း(တမန်ဟောင်း)

 

စာဖတ်ခြင်းသည် လူတစ်ဦးတိုးတက်စေရန် အကောင်းဆုံးအလေ့အထပင်ဖြစ်သည်။ ကြီးပွား တိုးတက်သူ အများစုသည် စာဖတ်သူများဖြစ်ကြသည်။ တန်ဖိုးမဖြတ်နိုင်သော  သတင်းအချက် အလက်များကို စာအုပ်စာစောင်များမှ ရှာဖွေစုဆောင်းကြသည်။ ဗဟုသုတရှာဖွေကြသည်။ ထို့နောက် အကျိုးရှိစွာအသုံးချကြသည်။ ကမ္ဘာကျော်ပုဂ္ဂိုလ်များသည် အတွေးအခေါ်များကို စာအုပ် ထဲမှ ရှာဖွေခဲ့ကြသည်။ စာဖတ်ခြင်းသည် အသစ်အသစ်သောစိတ်ကူးစိတ်သန်းများ ရှင်သန်လာစေ ပြီး အဆုံးမရှိသောအကျိုးကျေးဇူးများ ရရှိစေနိုင်သည်။ အထူးသဖြင့် ဘဝတွင် တိုးတက်အောင်မြင် ကြီးပွားပြီး ကြွယ်ဝချမ်းသာစေနိုင်ပါသည်။ အောင်မြင်သူအများစုသည် ၎င်းတို့၏အချိန် ၈၀ ရာခိုင်နှုန်း ခန့်ကို စာဖတ်ခြင်းဖြင့် ကုန်ဆုံးလေ့ရှိကြသည်။

 

အကျိုးကျေးဇူးများပြား

 

စာဖတ်ခြင်းသည် လူတစ်ဦးကို ဖျော်ဖြေမှု၊ ပညာပေးမှုနှင့် တိုးတက်မှုများကို ပေးစွမ်းနိုင်သည်။ စာဖတ်ခြင်းသည် အသက်အရွယ်ပေါင်းစုံကို အရည်အသွေးတိုးတက်စေခြင်း၊ သတင်းအချက် အလက်သိရှိနိုင်ခြင်း၊ ကျိုးကြောင်းဆီလျော်စွာ တွေးခေါ် နိုင်သည့်အပြင် လုပ်ငန်းတာဝန်အပေါ်တွင် လည်း အာရုံစူးစိုက်နိုင်စေပါသည်။ စာဖတ်ခြင်းသည် လူတစ်ဦးကို မတူညီသောရှုထောင့်ပေါင်းစုံမှ တွေးခေါ်မြော်မြင်နိုင်စေသည့်အပြင် စာဖတ်သူတစ်ဦးသည် အကန့်အသတ်မရှိလေ့လာနိုင်မည် ဖြစ်သည်။

 

ထို့ပြင် စာဖတ်ခြင်းသည် တန်ဖိုးမဖြတ်နိုင်သော ဗဟုသုတများရရှိခြင်း၊ ဦးနှောက်ရင့်ကျက် အောင် လေ့ကျင့်ပေးနိုင်ခြင်း၊ စိတ်အပန်းပြေခြင်း၊ ပေါင်းသင်းဆက်ဆံမှုစွမ်းရည် တိုးတက်လာခြင်း၊ စိတ်ခွန်အား တိုးတက်လာခြင်း၊ တွေးခေါ်မြော်မြင်နိုင်စွမ်း တိုးတက်လာခြင်း၊ ခွဲခြမ်းစိတ်ဖြာဆန်းစစ် နိုင်စွမ်းမြင့်မားလာခြင်း၊ စိတ်ရှည်သည်းခံနိုင်မှု စွမ်းအားမြင့်မားလာခြင်း၊  စိတ်ကူးစိတ်သန်း ကောင်းမွန်လာခြင်း စသည့်များစွာသောအကျိုးကျေးဇူးများကို ရရှိစေပါသည်။ သာဓကအနေဖြင့် နေ့စဉ်ထုတ်သတင်းစာတစ်စောင်လောက်ကို ပုံမှန်ဖတ်သူသည် အခြားသူများထက်ဗဟုသုတ ပိုမိုကြွယ်ဝလာပြီး ပကတိအခြေအနေမှန်များကို သိရှိနိုင်မည်ဖြစ်သည်။

 

စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားစေရေးဆောင်ရွက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ၊ တပ်ရင်း/ တပ်ဖွဲ့စာကြည့် တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီလ ၃ ရက်နေ့တွင် နေပြည်တော် အမျိုးသားစာကြည့်တိုက်၌ ပြုလုပ်ခဲ့သည်။ ၎င်းလှူဒါန်းပွဲ၌ လူထုသိပ္ပံကျမ်းအတွဲ (၃) တွဲမှ စာအုပ် ၄၅၀၀ ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ပြန်ကြားရေး ဝန်ကြီးဌာနကလည်း သုတ၊ ရသစာအုပ် ၅၅၀၀ ကို လှူဒါန်းခဲ့သည်။

 

ထို့ပြင် နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ် စာစောင်များ ပေးအပ်လှူဒါန်းပွဲကိုလည်း ဧပြီလ ၁၀ ရက်နေ့တွင် အမျိုးသားစာကြည့်တိုက်၌ ပြုလုပ် ခဲ့သည်။ ၎င်းအခမ်းအနားတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တပ်မတော်နှင့် ပြင်ပအလှူရှင် များ၏ စုစုပေါင်းလှူဒါန်းမှုအနေဖြင့် ငွေကျပ် ၉၈၅၁၆၅၄၅၀ နှင့် သုတ၊ ရသစာအုပ်စာစောင် ၇၉၂၁၁ အုပ်အထိ ရှိခဲ့သည်။ နိုင်ငံတစ်ဝန်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ့ စာကြည့်တိုက် ၄၁၀ ဖွင့်လှစ်ထားရှိသည်။ ထို့ပြင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ထောက်ပံ့မှု၊ ရပ်ရွာပြည်သူလူထုအစီအစဉ်ဖြင့် ဖွင့်လှစ်ထားသည့် စာကြည့်တိုက် ၃၅၀၀ ကျော် ရှိသည်။

 

စာဖတ်ဝါသနာထုံလာစေရန်

 

တိုးတက်သောနိုင်ငံများမှ နိုင်ငံသားများသည် စာဖတ်အားကောင်းကြသည်။ ခရီးသွားနေသည့် အချိန်မျိုးမှာပင်လျှင် လက်ထဲ၌ စာအုပ်တစ်အုပ်ကိုင်ထားလေ့ရှိကြသည်။ လေဆိပ်နှင့် ဘူတာများ၌ ခရီးတစ်ထောက်နားသည့် အချိန်မျိုး၌ပင်လျှင် စာအုပ်ဖတ်နေတတ်ကြသည်။ လေယာဉ်၊ ရထား၊ ကား၊ သင်္ဘောများပေါ်ရောက်သည်နှင့် စာအုပ် ဖွင့်ဖတ်ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ ကလေး ငယ်များကိုလည်း အနာဂတ်၏ခေါင်းဆောင်များ ဖြစ်လာအောင် ငယ်စဉ်ကတည်းက စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိနေအောင် လေ့ကျင့်ပျိုးထောင် ထားရမည်။

 

ကျောင်းစာကြည့်တိုက်များသည် ကျောင်းနေ အရွယ်ကလေးငယ်များ စာပေနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိရေးတွင်များစွာအရေးပါလျက်ရှိသည်။ ကျောင်းစာကြည့်တိုက်များတွင် ကလေးငယ်များ ကြိုက်နှစ်သက်သည့် ရုပ်ပြစာအုပ်စာစောင်များ၊ ပုံပြင်စာအုပ်များ၊ ဉာဏ်စမ်းစာအုပ်များ၊ တက်ကျမ်း စာအုပ်များ စသည်ဖြင့်ကဏ္ဍစုံစွာထားရှိရန် လိုအပ်ပါသည်။ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများကလည်း ကျောင်းသား ကျောင်းသူများ စာကြည့်တိုက်ဝင်နိုင်ရေး၊ စာအုပ်စာစောင်များ ဖတ်ရှုရေးအတွက် စည်းရုံးလှုံ့ဆော်ပေးရန်လိုအပ်ပါသည်။ ကျောင်း ပိတ်ရက်များတွင် ကလေးများကို စာအုပ်ငှားရမ်းဖတ်ရှုနိုင်ရန် စီမံထားရန်လိုအပ်သည်။ လစဉ် စာဖတ် စွမ်းရည်ပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ၊ ကာတွန်း၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပပေးမည်ဆိုလျှင် ကလေးများ၏ စာဖတ်နှုန်းသည် သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။ သာဓကအနေဖြင့် ဟားဗတ်တက္ကသိုလ်ရှိ စာကြည့်တိုက်တွင် နံနက် ၃ နာရီအချိန်အထိ စာဖတ်သူများရှိနေသည်ဟု ဆိုသည်။

 

မိဘများအနေဖြင့်လည်း ကလေးများကို ကျောင်းစာလေ့လာကျက်မှတ်ဖို့ချည်း အားပေးမနေဘဲ ပြင်ပစာပေဖတ်ရှုခွင့်အချိန်လည်း စီမံခန့်ခွဲပေးသင့်ပါသည်။ ကလေးငယ်များ စာဖတ်ဝါသနာ ထုံလာစေရန် ရွှေသွေး၊ မိုးသောက်ပန်းနှင့် တေဇ ရုပ်စုံစာအုပ်၊ ဗုဒ္ဓဖြစ်တော်စဉ်များ၊ ပုံပြင်စာအုပ်များ ဖြင့် စတင်လေ့ကျင့်ပေးသင့်ပါသည်။ မိဘများသည် ကလေးများနှင့်သင့်တော်သည့် ရုပ်ပြကာတွန်း စာအုပ်များ၊ ပုံပြင်စာအုပ်များကို လစဉ်ဝယ်ပေးထား မည်ဆိုလျှင် ကလေးများသည် စာဖတ်ဝါသနာ ထုံလာမည်ဖြစ်သည်။ ကလေးငယ်များ၏ရင်ထဲတွင် စာအုပ်စာပေအပေါ် မြတ်နိုးတန်ဖိုးထားပြီး စာဖတ် တတ်သည့်အလေ့အထ စွဲမြဲလာစေရန်သည် ထိုကလေးများနှင့် လက်တစ်ကမ်းအကွာတွင် ကလေးစာပေများ ထားရှိပေးရန်ပင်ဖြစ်သည်။ အထူးသဖြင့် အားလပ်သည့်ရုံးပိတ်ရက်များတွင် မိသားစုအလိုက် စာကြည့်တိုက်သွားပြီး စာဖတ်၊ စာအုပ်ရှာ၊ စာအုပ်ငှားသည့်အလေ့အထကို မွေးမြူ ထားသင့်ပါသည်။ စာကြည့်တိုက်တွင် ကလေး၊ လူငယ်၊ လူလတ်၊ လူကြီး အသက်အရွယ်ပေါင်းစုံတို့ အတွက် စာအုပ်မျိုးစုံရှိပါသည်။ ထို့ပြင် မိဘများ သည် ကလေးငယ်များအား စာကောင်းပေမွန်များ ကို ရွေးချယ်ဖတ်ရှုတတ်စေရန် လမ်းညွှန်ပြသဖို့ လိုအပ်ပါသည်။

 

မိဘများကိုယ်တိုင်လည်း အကျိုးရှိသော စာပေများကို ရွေးချယ်ဖတ်ရှုနိုင်သူများဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းလေ့လာဖတ်ရှုမှတ်သား ထားသင့်ပါသည်။ သား၊ သမီးများသည် မိဘများ၏ ပြောဆိုပြုမူမှုပုံစံများကိုကြည့်၍ လိုက်နာကျင့်ကြံဆောင်ရွက်လျက်ရှိကြသည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်များစာဖတ်ဖို့ဆိုလျှင် လူကြီးများအပေါ်တွင် များစွာမူတည်နေသည်။ အထူး သဖြင့် ရုံးပိတ်ရက်များတွင် ကလေးများကို စာအုပ်ဆိုင်များနှင့်တွဲ၍ဖွင့်ထားသည့် ကုန်တိုက်များ၊ ကစားကွင်းများသို့ ခေါ်သွားသင့်ပေသည်။ မိသားစု အပြင်ထွက်တိုင်း ကလေးများကို ကြိုက်နှစ်သက် ရာ စာအုပ်ဝယ်ယူခွင့်ပေးသင့်သည်။ စာအုပ်ကို မြတ်မြတ်နိုးနိုး ဝယ်ချင်လာအောင်လည်း တိုက်တွန်း သင့်ပေသည်။ ကလေးတစ်ဦးသည် စာအုပ်အပေါ် ခုံမင်လာပြီဆိုလျှင် စာဖတ်ဖြစ်တော့မည် ဖြစ်သည်။ စာဖတ်သောကလေးသည် အနာဂတ်အတွက် ပူပန် စရာမလိုတော့ပေ။

 

မျိုးဆက်သစ်လူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ပင်ဖြစ်သည်။ စာဖတ်သည့် လူငယ် များသည် လူ့အဖွဲ့အစည်းကို ကောင်းကျိုးပြုနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်သည်။ အထူးသဖြင့် ပညာတတ်လူငယ်များပေါများသည့်နိုင်ငံတွင် တိုးတက်မှုကို မြန်မြန်ဆန်ဆန် ဖော်ဆောင်နိုင်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အနာဂတ်ခေါင်းဆောင်များ၏ ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေးများနှင့် အတွေးအခေါ် အယူအဆများ မှန်ကန်ထက်မြက် မြင့်မားလာစေရန်၊ ကလေးငယ်များ၏ တီထွင်ဖန်တီးလိုစိတ်များ ရှင်သန်နိုးကြားလာစေရန်၊ ဗဟုသုတဖြစ်ဖွယ် စာပေနှင့် ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်ဝါသနာပါလာစေရန်၊ ကလေးငယ်များ လန်းဆန်းတက်ကြွကာ ပျော်ရွှင်လာစေရန်နှင့် စုပေါင်းဆောင်ရွက်တတ်သည့်အလေ့ အကျင့်ကောင်းများ ရရှိလာစေရန် အလေးထား ဆောင်ရွက်လျက်ရှိကြသည်။

 

ထို့ပြင် အစိုးရအဖွဲ့အစည်းများ၊ ကုမ္ပဏီများ အနေဖြင့်လည်း ရုံး၊ ဌာနအဖွဲ့အစည်းများအလိုက် ကိုယ်ပိုင်စာကြည့်တိုက်များ ထူထောင်ထားသင့်သည်။ ၎င်းစာကြည့်တိုက်များတွင် လုပ်ငန်း အထောက်အကူပြု စာအုပ်စာစောင်များအပြင် သုတ၊ ရသစာပေများကိုလည်း ဖြည့်ဆည်း ထားသင့်ပေသည်။ အထူးသဖြင့် ရုံး၊ ဌာနများအနေဖြင့် ဝန်ထမ်းများအား စာကြည့်တိုက်မှ စာအုပ်ငှားရမ်းဖတ်ရှုလာစေရေး စည်းရုံးသိမ်းသွင်းဆောင်ရွက်သင့်ပေသည်။ သို့မှသာလျှင် ဝန်ထမ်းများ၏ ဗဟုသုတကြွယ်ဝလာပြီး စွမ်းဆောင်ရည်တိုးတက်လာစေမည် ဖြစ်သည်။ 

 

အောင်မြင်မှုတွေပိုင်ဆိုင်ဖို့ စာဖတ်ကြပါစို့

 

စင်စစ်အားဖြင့် ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါသောကလေးများသည် အရွယ်ရောက် လာသည့်အချိန်တွင် တိုင်းပြည်ကအားထားရသည့် လူငယ်များဖြစ်လာကြသည်။ ဆိုရလျှင်စာဖတ်သူ သည် အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုးကို ဝေဖန်ခွဲခြားဆန်းစစ် ဆုံးဖြတ်နိုင်စွမ်းရှိကြသည်။ စာဖတ်သောကလေးများသည် နှလုံးသားနူးညံ့ သိမ်မွေ့ကြသည်။ သူတစ်ပါးအပေါ် ကိုယ်ချင်းစာနာ စိတ်ရှိကြသည်။ အတ္တနည်းပါးကြသည်။ အပြုသဘောဆောင်စွာ တွေးခေါ်တတ်ကြသည်။ ပတ်ဝန်းကျင်အပေါ် အကောင်းမြင်စိတ်ရှိကြသည်။ လူကြီးမိဘများအပေါ် သိတတ်ကြသည်။ လူ့အသိုက်အဝန်းကို အကျိုးပြုလိုစိတ်ရှိကြသည်။ ထိုကလေးများသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူပြုကြပါသည်။

 

ငယ်စဉ်ကတည်းက စာပေနှင့် ရင်းနှီးကျွမ်းဝင် သောကလေးသည် ကိုယ်ပိုင်အနာဂတ်ကို ပုံဖော် ထုဆစ်တည်ဆောက်နိုင်စွမ်းရှိကြသည်။ မိမိတိုးတက်မှုကို ရှာဖွေနိုင်ကြသည်။ မိဘများသည် စာဖတ်ဝါသနာထုံသော ကလေးများ၏အရေးအရာများတွင် အမြဲတစေပါဝင်နေရန်မလိုပေ။ ဆိုရလျှင် စာဖတ်နေသောကလေးတစ်ဦးသည် အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်သည့် ပညာဆိုသောအရာကို ပိုင်ဆိုင်ထားနိုင်ပေသည်။ ကျရှုံးမှုများ၊ အခက်အခဲများကို ကျော်လွှားနိုင်သည့် နည်းလမ်းများကို စာအုပ်စာပေများမှ တူးဆွရှာဖွေထားပြီးဖြစ်သည်။ ထို့အပြင် အရေးကြီးသောဆုံးဖြတ်ချက်များကိုလည်း တွေဝေမှုမရှိဘဲ ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းရှိကြသည်။ စာဖတ်သောကလေးငယ်များသည် ဘဝခရီးလမ်းတွင် တိုးတက်ပြီးရင်း တိုးတက်လျက် ရှိကြသည်။

 

ထို့ပြင် လူတစ်ဦးချင်းစီ၏ စာဖတ်နှုန်းတိုးတက်လာမှုကြောင့် လူ့အဖွဲ့အစည်းအတွင်း ဒုစရိုက် လုပ်ငန်းများ လျော့ကျလာနိုင်သည့်အပြင် တိုင်းပြည်တိုးတက်ရေးအတွက်လည်း များစွာ အထောက်အကူ ပြုစေပါသည်။ စာကောင်းပေမွန်များ ဖတ်ရှုမှတ်သားလေ့လာမှု အားကောင်းသူများဖြင့်သာ စုစည်းတည်ဆောက်ထားသော လူ့အသိုက်အဝန်းသည် တစ်နေ့တခြား တိုးတက်မှုရှိနေမည်မှာ ငြင်း၍မရသော ပကတိအရှိတရားပင်ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးချင်းစီမှသည် မြန်မာ့လူမှု အသိုက်အဝန်းကြီး အောင်မြင်မှုများပိုင်ဆိုင် နိုင်စေရန်အတွက် စာကောင်းပေမွန်များကို ပုံမှန် ဖတ်ရှုသွားကြပါစို့ဟု အကြံပြုတိုက်တွန်းလိုက်ရပါသည်။