အောင်မြင်နေသော သမဝါယမအသင်း

၃၀ ဇွန်

သမဝါယမဆိုတဲ့ ဝေါဟာရနှင့်လုပ်ငန်းကို ၁၉၈၈ ခုနှစ် အစောပိုင်းကာလက ပြည်သူတွေ    လူကြီး၊   လူလတ်၊      လူငယ်မရွေး  လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် သိနေကြပါတယ်။  အားကိုးအားထားရှိခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ် ဒီဘက်ခေတ်နောက်ပိုင်းကာလမှာတော့      သမဝါယမဆိုတာ မရှိသလောက်၊      သမဝါယမဆိုတာ            မကြားဖူးသလောက်  ဖြစ်သွားပါတယ်။

ကမ္ဘာ့နိုင်ငံတော်တော်များများမှာ သမဝါယမဆိုတာ ကျန်ရှိနေပါသေးတယ်၊ ရှင်သန်နေကြပါတယ်။ မြန်မာနိုင်ငံရဲ့ သမဝါယမအစကတော့ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်ကလို့ သိရပါတယ်။ စိတ်တူ၊ ကိုယ်တူ၊ ဝါသနာတူ၊ ဆန္ဒတူသူတွေစုပေါင်းပြီးတော့  ၁၉၀၅  ခုနှစ်က  မြင်းမူမြို့မှာ  ငွေစုငွေချေး သမဝါယမအသင်းကို စတင်ဖွဲ့စည်းပြီး လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြပါတယ်။  ၁၉၇၀ ပြည့်နှစ်မှာတော့ နိုင်ငံတော်အစိုးရက သမဝါယမဥပဒေသစ်တစ်ရပ်ပြဋ္ဌာန်းပြီး      ဆိုရှယ်လစ်စီးပွားရေးစနစ်အရ      ပြည်သူတစ်ရပ်လုံးကိုစားသောက်ကုန်၊ လူသုံးကုန်၊ ဆေးနှင့် ဆေးဝါးပစ္စည်း၊ ရေနံနှင့် ရေနံထွက်ပစ္စည်းတွေကို အိမ်ထောင်စုလူဦးရေအလိုက် ညီညီမျှမျှရရှိအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။  ဒါ့ကြောင့်  ပြည်သူတွေဟာ  သမဝါယမဆိုတဲ့  စကားလုံးနဲ့လုပ်ထုံး၊ လုပ်နည်းများအရ သိလာကြပါတယ်။

နောက်ပိုင်းမှာတော့ နိုင်ငံတော်အစိုးရက ၁၉၇၀ ပြည့်နှစ် သမဝါယမ ဥပဒေကိုပယ်ဖျက်ပြီး  ၁၉၉၂  ခုနှစ်  သမဝါယမဥပဒေသစ်တစ်ရပ်  ပြဋ္ဌာန်း ပေးခဲ့ပါတယ်။ ပုဂ္ဂလိကနဲ့တကွ  လွတ်လပ်သည့်  ဈေးကွက်စီးပွားရေးစနစ်ကိုအကောင်အထည်ဖော်ပေးခဲ့ပါတယ်။

ဒါပေမယ့်  အခုအချိန်အခါမှာတော့  အချို့မြို့နယ်  အခြေခံသမဝါယမ အသင်းတွေ၊  ရပ်ကွက်သမဝါယမအသင်းတွေဟာ  အားနည်းချက်အချို့ကြောင့်လုပ်ငန်းများ  ရှင်သန်မှုနှေးကွေးနေကြပါတယ်။  အသင်းပိုင်မြေ၊  အဆောက်အဦတွေ ငှားရမ်းထားကြတယ်။ ဒီလိုရှိနေကြတဲ့ကြားထဲမှ  ထူးထူးခြားခြား အောင်မြင်နေတဲ့ အခြေခံသမဝါယမအသင်းတစ်သင်းကို တွေ့နေရပါတယ်။ အဲဒါကတော့ အောင်မြေသာစံမြို့နယ်  ပြည်ကြီးကျက်သရေ  အနောက်ရပ်ကွက်က  “ချမ်းမြေ့ရောင်းဝယ်ရေး  သမဝါယမအသင်းလီမိတက်”  ဖြစ်ပါတယ်။ အားကျစရာပါ။ ဂုဏ်ယူစရာပါ။

ချမ်းမြေ့ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်ဆိုတာ ၁၉၇၀ ပြည့်နှစ်က အခြေခံစားသုံးသူသမဝါယမအသင်း  အမှတ် (၁)ကို  ၁၉၉၂ ခုနှစ် သမဝါယမ ဥပဒေသစ်အရ  ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့  အသင်းဖြစ်ပါတယ်။  အသင်း စည်းမျဉ်းစည်းကမ်းဥပဒေသစ်ရေးဆွဲပြီး အသင်းသားတွေရဲ့ဆန ́နဲ့ အတည်ပြု ခဲ့ပါတယ်။

ယခင်အသင်းက  ရင်းနှီးပစ္စည်း၊  ကုန်ကျန်စာရင်း  စုစုပေါင်းငွေ$ကျပ်နှစ်သိန်းနီးပါး လွှဲပြောင်းရယူခဲ့ရာ မှ ယခုအခါ ငွေကျပ်သိန်းနှစ်ထောင်နီးပါးရှိနေပြီ ဖြစ်ပါတယ်။ ပြီးတော့ အသင်းပိုင်မြေ၊   အသင်းပိုင် သုံးခန်း၊ နှစ်ခန်း သွပ်မိုး၊ အုတ်ကာ နှစ်ထပ်အဆောက်အဦနဲ့ အသင်းကိုရှင်သန်အောင် လှုပ်ရှား ဆောင်ရွက်နေကြပါတယ်

အစုငွေ$ကျပ် နှစ်သောင်းထည့်ဝင်ထားတဲ့အသင်းသားဟာ နှစ်စဉ် ငွေကျပ်ခုနစ်ထောင်နီးပါး အကျိုးအမြတ်တွေခံစားနေရပါတယ်။ နှစ်စဉ်အပြည်ပြည်ဆိုင်ရာ  သမဝါယမနေ့၊  အသင်းစတင်ဖွဲ့စည်းခဲ့သည့်နေ့တွေမှာ  အထူးဈေးရောင်းပွဲတွေပြုလုပ်ပြီး   အသင်းသားတွေကို ငွေကျပ် သုံးထောင်ကနေ တစ်သောင်းအထိဗလာမပါ လက်ဆောင်တွေပေးပါတယ်။ အသင်းအရပ်ရပ်ဆိုင်ရာ အစည်းအဝေးမှာလည်း  အစုပေါ်အမြတ်၊  ကုန်ဝယ်ပြန်အမ်းငွေအပြင်  တက်ရောက်လာသော အသင်းသားများကို  ဗလာမပါကံစမ်းမဲဖောက်ပြီး  ငွေကျပ်ငါးထောင်ကနေ တစ်သောင်းအထိ လက်ဆောင်တွေပေးခဲ့ပါတယ်။ ပြီးတော့ အသင်းသားတွေရဲ ရင်သွေးငယ်တွေကို ပညာသင်စရိတ်ထောက်ပံ့ငွေအဖြစ် ထောက်ပံ့ပေးခဲ့ပြန်ပါတယ်။

ထူးထူးခြားခြားလုပ်ရပ်ကတော့ အသင်းသားရဲ့သားသမီးများ မင်္ဂလာအခမ်းအနားကျင်းပနိုင်ဖို့ ကြိုတင်ငွေထုတ်ပေးခြင်းပဲ ဖြစ်ပါတယ်။ မင်္ဂလာအခမ်းအနားပြီးပြီးချင်း  ထုတ်ထားတဲ့ငွေကို    အကျိုးအမြတ်မပေးနိုင်ရင်လည်း မူလထုတ်ပေးငွေကိုလက်ခံပြီး ဆောင်ရွက်ပေးပါတယ်။ နာရေးဖြစ်ရင်စည်းမျဉ်းစည်းကမ်းအရ နာရေးထောက်ပံ့ငွေကိုလည်း ထုတ်ပေးပါတယ်။ အခြားရပ်ကွက်၊ မြို့နယ်၊ တိုင်းအဆင့် လူမှုရေးလုပ်ငန်းတွေကိုလည်း အသင်းရဲ့ငွေအင်အားအခြေအနေအရ    ကူညီထောက်ပံ့ပေးနေတာတွေလည်း တွေ့ရပါတယ်။

၁၉၇၀ ပြည့်နှစ်ကစပြီး   ယနေ့အထိ သမဝါယမလုပ်ငန်းများ စွမ်းစွမ်းတမံအားထည့်ဆောင်ရွက်ခဲ့တဲ့   သက်ရှိထင်ရှားအမှုဆောင်များကို အသင်းက နှစ်စဉ် မိတ်ဆုံစားပွဲပြုလုပ်ခြင်း၊ ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း၊ စုပေါင်း ဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။

အသင်းသားတွေရဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ခုနစ်လဆပ်  အရစ်ကျ ကုန်ကြွေးရောင်းချပေးပါတယ်။ နောက်ပိုင်းအသင်းသားများသာမက လိုအပ်တဲ့ပြည်သူတွေကို   ခိုင်လုံတဲ့အထောက်အထား၊    အာမခံတာဝန်ယူသူရှိရင်ကုန်ပစ္စည်းများကို အရစ်ကျရောင်းချပေးပါတယ်။ ပြင်ပမှ ကုန်ပစ္စည်းများကိုလည်း ကုန်ဝယ်ပြေစာမူရင်းဖြင့် အရစ်ကျကုန်ကြွေးရောင်းချပေးပါတယ်။ အသင်းသားများသာမက  နိုင်ငံ့ဝန်ထမ်းနဲ့   ပြည်သူတွေပါ  အားကိုးအား ထားပြုရတဲ့ သမဝါယမအသင်း ဖြစ်နေပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုအောင်အောင်မြင်မြင်ဖြစ်နေတဲ့       ချမ်းမြေ့ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်မှာ တာဝန်ယူဆောင်ရွက်နေကြတဲ့  အသင်းအမှုဆောင်များ၊  ဝန်ထမ်းများကို ဂုဏ်ပြုပါတယ်။  အသင်းရဲ့အနိမ့်ဆုံးဝန်ထမ်းလစာက ငွေကျပ် တစ်သိန်းသုံးသောင်းဖြစ်ပြီး အမြင့်ဆုံးဝန်ထမ်း လစာမှာ တစ်လငွေကျပ် သုံးသိန်းအထိ ခံစားနေကြရတဲ့ အသင်းဖြစ်ပါတယ်။

အခြားအသင်းသားများအနေနဲ့ နမူနာယူသင့်တဲ့  အသင်းတစ်သင်း ဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး      အောင်အောင်မြင်မြင်  ဆောင်ရွက်နေတဲ့အသင်းဖြစ်တာမို့ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၂၂ လမ်းနဲ့ ၈၆ လမ်းထောင့်ရှိအသင်းဆိုင်ကို သွားရောက်လေ့လာသင့်ပါကြောင်း ဂုဏ်ပြုရေးသားတင်ပြ လိုက်ရပါတယ်။  ။

ထွဏ်းလှအောင်(မန္တလေး)