ရန်ကုန် ၉ ဇူလိုင်
ထိုင်းနိုင်ငံပတ္တရား၌ ဇွန် ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည့် 2019 SEA Cone Sprint Championship ပြိုင်ပွဲနှင့် 2019 SEARF Junior & Senior Rowing Championships ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် လှေလှော်အသင်းသည် ရွှေခြောက်ခု၊ ငွေလေးခု၊ ကြေးငါးခုရရှိခဲ့သော အောင်ပွဲရ လှေလှော်အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ ၆ နာရီက ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်း Dagon Golf City ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ အောင်ပွဲရ အားကစားသမားများအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက လက်ခံကြသည်။
ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ရွှေငွေကြေးဆုရရှိခဲ့ကြသည့် အားကစားသမားများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံလှေလှော်အဖွဲ့ ချုပ်နာယကနှင့် ဒုတိယဥက္ကဋ္ဌများက နည်းပြများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြင့်ကြသည်။
အဆိုပါ အောင်ပွဲရအားကစားသမားများအတွက် ရွှေတံဆိပ်ဆုတစ်ဆုလျှင် ငွေကျပ် ၁၀ သိန်း၊ ငွေတံဆိပ်တစ်ဆုလျှင် ငွေကျပ်ငါးသိန်း၊ ကြေးတံဆိပ်တစ်ဆုလျှင် ငွေကျပ် နှစ်သိန်းငါးသောင်း ချီးမြှင့်ခဲ့သည်။ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ လက်ရွေးစင် U-24 အားကစားသမားများသည် ထိုင်းနိုင်ငံပတ္တရားမြို့၌ သြဂုတ် ၂၁ ရက်မှ ၂၅ ရက်အထိ ကျင်းပမည့် (၁၄)ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံရှစ် ရိုးရာလှေပြိုင်ပွဲ အားကစား ၁၈ နည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ-အာကာစိုး