အောင်ပန်းဒေသထွက် အာလူးများ ဈေးကောင်းပုံမှန်ရနေ

မြို့သစ် ဒီဇင်ဘာ ၁၄

 

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် စည်ပင်သာယာဈေးအတွင်းသို့ ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းဒေသမှ ထွက်ရှိဝင်ရောက်လာသည့် အာလူးများ ယခင်ရက်များကထက် ဈေးကောင်းများ ရရှိနေကြောင်း အဆိုပါဈေးအတွင်းရှိ အာလူးကုန်သယ်တစ်ဦးထံက သိရသည်။

 

အဆိုပါ အောင်ပန်းဒေသထွက် အာလူးများသည် လက်ရှိအချိန်တွင် မြို့သစ်မြို့ စည်ပင်သာယာဈေးသို့ သုံးရက်တစ်ခါ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းများမှာလည်း ယခင်ရက်များထက် ဈေးကောင်းရရှိနေကြောင်း၊ လွန်ခဲ့သည့် နှစ်ပတ်ခန့်က အာလူးဈေးမှာ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး ငွေကျပ် ၇၀၀ မှ ၁၂၀၀ အထိ ရရှိခဲ့သော်လည်း ယခုလက်ရှိအချိန်တွင် အာလူးတစ်ပိဿာလျှင် ငွေကျပ် ၂၄၀၀ အထိ ဈေးရရှိနေကြောင်း မြို့သစ်မြို့မှ ကုန်သယ် ဦးသိန်းထိုက်ထံမှ  သိရသည်။

 

“အာလူးက အဓိကစိုက်ပျိုးတဲ့ အောင်ပန်းဒေသဘက်ကပဲ ထွက်ရှိပြီး ဝင်ရောက်လာတာပါ။ ကျန်တဲ့ဒေသက အာလူးတွေ ဈေးကွက်ကို ဝင်ရောက်ခြင်းမရှိသေးပါဘူး။ ရှမ်းပြည်တောင်ပိုင်း အောင်ပန်းဒေသက ပဲအများဆုံး ထွက်ရှိတော့တာပါ။ ဒါကြောင့် အာလူးက အဝင်နည်းသွားပါတယ်။ မနှစ်က အာလူးဈေးကမကောင်းဘူး။ အရှုံးပေါ်တာကြောင့် တောင်သူတွေ ဒီနှစ်မှာ မစိုက်ကြတော့ပါဘူး။ အာလူးစိုက်ဧကတွေ ထက်ဝက်ခန့်ကို လျော့သွားပါတယ်။ အဲဒါကြောင့် အာလူးဈေးတွေက မြင့်တက်လာပြီး ဈေးကောင်းရတယ်ထင်ပါတယ်။ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေမှာလည်း ဆီဈေးတွေက တက်တာလည်းပါတယ်။ ဒါ့အပြင် ဒီနှစ်က ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူတွေက အထားခံတဲ့ အာလူးကို ဝယ်ယူသိမ်းဆည်းထားကြပါတယ်။ အဲဒါကြောင့် ဈေးကောင်းလည်းရရှိနေကြပါတယ်”ဟု ဦးသိန်းထိုက်က ထပ်မံပြောသည်။

 

အဆိုပါအောင်ပန်းဒေသထွက် အာလူးများသည် လက်ရှိအချိန်တွင် မြို့သစ်ဈေးကွက်သို့ သုံးရက်တစ်ကြိမ် ဝင်ရောက်လျက်ရှိနေပြီး ဈေးနှုန်းမှာလည်း ကောင်းမွန်လျက်ရှိကြောင်း၊ ယင်းအာလူးများ ဈေးကောင်းရရှိနေခြင်းနှင့်အတူ ကျန်သည့် ကုန်စိမ်းသီးနှံများကိုလည်း ဈေးကောင်းများဖြင့် ပုံမှန်ရောင်းချပေးလျက်ရှိနေကြောင်း သိရသည်။

 

သန်းဝင်းထွန်း(ပြန်/ဆက်)