၆ မေ
မင်းတုန်းမင်းသည် မန္တလေးမြို့တည် နန်းတည်ဖ ကြံဆောင်တော်မူလေသောအခါ အနောက်ဘက်တွင်ဧရာဝတီမြစ်၊ တောင်ဘက်တွင် တောင်သမန်နှင့်ဇောင်းကလောကန်၊ မြောက်ဘက်တွင် နန္ဒာကန်တို့တည်ရှိပြီး အရှေ့ဘက် ရှမ်းရိုးမတောင်ကို နောက်ခံပြုပြီး တောင်မြောက် အလျား ခုနစ်မိုင်၊ အရှေ့အနောက်အနံ သုံးမိုင်ခန့် ကျယ်ဝန်းသော အောင်ပင်လယ်ကန်ကြီး တည်ရှိနေသည့် မဏ္ဍလခေါ် မန္တလေးတောင်ခြေရင်းက စည်မျက်နှာကဲ့သို့ ပြန့်ပြူးသော လွင်ပြင်နေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
မြနန္ဒာရေညိုသန်းတယ်၊ မန်းတောင်ရိပ်ခို
ထိုမျှမက မန္တလေးတောင်၏ မြောက်ဘက်ဝန်းကျင်တစ်ခိုမှာလည်း ‘အသက်ကယ်တဲ့ ရှည်စေလို၊ မြနန္ဒာရေညိုသန်းတယ်၊ မန်းတောင်ရိပ်ခို’ ဟု ရှေးအစဉ်အဆက်ကတည်းက တဘောင်စကားရှိခဲ့သော နန္ဒာကန်ကြီးလည်း မင်းရှင်စော၏ လုံ့လဥဿဟဖြင့် အောင်ပင်လယ်နှင့်အတူ တည်ရှိခဲ့သည်။ ထို့ကြောင့် မန္တလေးရတနာပုံနေပြည်တော်ဟု တည်ထွန်းသော အချိန်တွင် ရွှေမြို့တော်၏ အနီးဆုံးဝန်းကျင်၌ အောင်ပင်လယ်၏ ကန်ရေသောက် လယ်ပယ်သုံးသောင်းနှင့် နန္ဒာ၏ ကန်ရေသောက် လယ်ပယ်တစ်သောင်းတို့ အသီးသီးတည်ရှိနှင့်ပြီးဖြစ်သည်။
ထိုလယ်ပယ်တို့အား အမှီပြုကုန်သော လယ်သမား ယာသမား သူရင်းငှားတို့၏ ကျေးလက် အဝန်းအဝိုင်းကြီးမှာ ပုဂံခေတ်ကတည်းက တည်ရှိခဲ့ပြီးနောက် အခြေခိုင်ခဲ့သော ကျေးလက်ဂီတ (ဝါ) လူထုဂီတက အခိုင်အမာရှိသည်။ အောင်ပင်လယ်ဒိုးတဲ့လေ။
ဒိုးပတ်သံ၊ ဗုံကြီးသံနှင့် ကောက်စိုက်ကြ
အထူးသဖြင့် အညာကျေးလက်က ကောက်စိုက်လျှင်ဒိုးပတ်သံ၊ ဗုံကြီးသံနှင့် ကောက်စိုက်ကြသည်။ ရွှေဘိုဘက်တွင် ဗုံကြီးသံနှင့် ကောက်စိုက်သည့်နည်းတူ မန္တလေးဝန်းကျင်မှာက အောင်ပင်လယ်ဒိုးက နာမည်ကြီးသည်။ အောင်ပင်လယ်ဒိုးတွင် ရှေးကဒိုးပတ်တီးသမားနှင့် လင်ကွင်းသမား ပေါင်းနှစ်ယောက်သာပါသော်လည်း နောက်ပိုင်း၌ နှဲသမားတစ်ယောက်ပိုလာ၏။ သည့်နောက် မောင်းဆိုင်းသမားနှင့် ဗြောက်သမားပါတိုးလာကာ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာသည်။ လယ်ရှင်တွေက သူ့လယ်ကောက်စိုက်ရာတွင် ဒိုးအဖွဲ့ကို မဖြစ်မနေထည့်ကြရတာ အစဉ်အဆက်ဖြစ်သည်။ ဒိုးအဖွဲ့မပါလျှင် ကောက်စိုက်သမတို့၏ လုပ်အားက မတွင်။ ကောက်စိုက်သည်ဆိုသည်မှာ ရေနှင့် မိုးနှင့်အခန့်သင့်သည့်အချိန် အပြီးစိုက်ရတော့ လုပ်ငန်းတွင်မှဖြစ်မည်။ လုပ်ငန်းတွင်ဖို့က ဒိုးအဖွဲ့ပါမှ။ သို့မဟုတ်ပါက လယ်သူမတစ်ယောက် တစ်နေ့ ကောက်လှိုင်းအစည်း ၅၀ တောင်အနိုင်နိုင်တဲ့။ ဒိုးအဖွဲ့ပါလျှင် အစည်း ၁၀ဝ အသာလေးပြီးသတဲ့။
ဒိုးသမားနှင့် ကောက်စိုက်သမ
ဒိုးအဖွဲ့က ကောက်စိုက်သမနှင့် မျက်နှာချင်းဆိုင်မှာ နေရာယူပြီး ဒိုးသံသွက်သွက်နှင့် နှင်သည်။ ကောက်စိုက်သမက ကောက်စိုက်ရင်း နောက်ပြန်ဆုတ်သည်။ ဒိုးအဖွဲ့က ကောက်စိုက်သမနှင့် သုံးတောင်၊ လေးတောင်ထက် ပိုမဝေးသောနေရာကနေ မျက်နှာချင်းဆိုင်ကာ စည်းသွက်သောဒိုးချက်နှင့် တောက်လျှောက်လိုက်သည်။ ကောက်စိုက်သမခေါင်းက ဆံပင်ကြားမှာ ပိုလို(စီးကရက်)ဘူးကို ဖွင့်ကာ ညှပ်ထားပြီး ဒိုးသမားက ဒိုးတီးရင်း စီးကရက်ဘူးထဲက စီးကရက်ကို ပါးစပ်နှင့်ဆွဲယူသောက်သတဲ့။ ဒီလို ချက်ကျလက်ကျ ဒိုးသမားနှင့် ကောက်စိုက်သမ အပေးအယူတည့်ကာ အလုပ်တွင်စေခဲ့သည်။ အကယ်၍ ကောက်စိုက်သမက ကောက်စိုက်နှေးလျှင် ဒိုးသမားက ကောက်စိုက်သမ မျက်နှာနားထိကပ်ပြီး ဒိုးနှင့်ခြောက်သတဲ့။ လင်ကွင်းသမားက မျက်နှာနား ကပ်ဝှေ့သတဲ့။ ဒီတော့မှ ကောက်စိုက်သမကရှက်ပြီး ပျိုးကို အမြန်စိုက်ကာ ဆုတ်ပြေးသတဲ့။
အရပ်သားပေမယ့် ပညာရှင်တွေလို တတ်ကျွမ်းကြကောက်စိုက်သမတွေကလည်း ဒိုးအဖွဲ့ကို ဇာတ်ထုပ်ဇာတ်လမ်းတွေ ခင်းပေးဖို့ တောင်းဆိုလာကြတော့မင်းဒင်-ရွှေမှန်ဇာတ်၊ သူရ-ရူပဇာတ်ဆိုတာတွေ ခင်းကြသည်။ ထို့ကြောင့် တကယ့်ဇာတ်ကြီးများပမာ နတ်သပစ်၊ နတ်ကတော်ထွက်၊ မြိုင်ထတွေ နှစ်ပါးသွားတွေ၊ ပြည်တည် စခန်းချတွေ၊ နောက်ပိုင်းဇာတ်ထုပ်တွေနှင့် မနက်မှသည် မိုးချုပ်လုပ်ငန်းသိမ်းအထိ ဒိုးအဖွဲ့တွေက လယ်ထဲဆင်းကာ တီးမှုတ်ဖျော်ဖြေကြရသည်။ သည်တော့ ဒိုးသမားပညာက နှယ်နှယ်ရရမဟုတ်တော့။ ရွာသား အရပ်သားပေမယ့် ပညာရှင်တွေလို တတ်ကျွမ်းကြရသည်။ ထို့ကြောင့် အောင်ပင်လယ်ကန်ရေသောက် လမိုင်းလယ်များရှိသော သမ္မတော၊ သန့်စင်ကုန်း၊ ဗိုလ်တက်ကုန်း၊ ရွာရှည်၊ သလဲကုန်း၊ လင်ပန်းကုန်း၊ ဇီးအုပ်၊ ဗိုလ်ရ၊ သရက်ကုန်း စသော ရွာများက နာမည်ကျော် ဒိုးပတ်အဖွဲ့တွေထွက်သည်။ ဦးကံပေါ်တဲ့၊ ဦးထွန်းသာတဲ့၊ ဆရာထွန်းတဲ့၊ ဦးကျော်ဇံတဲ့၊ ဦးတိမ်ခိုး တဲ့၊ ဦးခိုင်တဲ့၊ ဖိုးလေးမိတ်တဲ့၊ ဦးစံကြီးတဲ့၊ ကိုသင်တဲ့၊ ကိုချိတ်ပန်းတဲ့၊ မောင်ဘ၊ မောင်လှ၊ ကိုခတဲ့၊ မောင်ဖိုး ယုန်တဲ့၊ ဘိုးအုန်းဘိုးသက်တဲ့။ နာမည်ကျော် ဒိုးသမား တွေလေ။
နာမည်ကျော် ဒိုးပတ်ဝိုင်းများ
ကောက်စိုက်ရာ လယ်တောတွင် တီးသောဒိုးပတ်ဝိုင်းများကဲ့သို့ မန္တလေးရွှေမြို့တော်အတွင်းမှာလည်း ဒိုးပတ်ဝိုင်းတွေရှိသည်။ သည်ဝိုင်းတွေကတော့ အလှူလှည့်ရာ၊ ဘုရား ပွဲလှည့်ရာ၊ ဆွမ်းတော်ကြီးခံရာများတွင် တီးမှုတ်သည်။ ထိုမျှမက ကထိန်လှည့်၊ ဘုရားပင့်၊ ညောင်ရေသွန်း၊ ဘုန်းကြီးပျံချဆောင်ရာအထိ ဒိုးပတ်ဝိုင်းပါလေ့ရှိ၏။ ယနေ့အထိ နှစ်ပေါင်း ၁၂၀ကျော်ပြီဖြစ်သော မလွန်ဈေး ဆန်လှူအသင်းကြီးက စစ်ကိုင်းတောင်ရိုးသို့ ဆွမ်းဆန်များ ပို့ဆောင်ရာတွင် ရှေးကဒိုးပတ်ဝိုင်းများ အပြိုင်အဆိုင် ပါဝင်ကြသည်။ ထိုစဉ်က နာမည်ကျော် ဒိုးပတ်ဝိုင်းများမှာ စိန်ပန်းသူတော်တဲ့၊ ဘီးတန်းရသေ့တဲ့၊ ရှမ်းပွဲသူတော်တဲ့၊ အမြောက်တန်းစိန်ဒေါ်လာတဲ့။ ဒါတွေက နာမည်ကျော်အဖွဲ့တွေဖြစ်သည်။ ကျန်အဖွဲ့တွေလည်း အများသား။ မြို့ပေါ် အဖွဲ့တွေက အောင်ပင်လယ်အဖွဲ့တွေလို အတီးသမားချည်းမဟုတ်။ အကသမားတစ်ယောက်က ဦးဆောင်သည်။ အကသမားကလည်း အတည်အတံ့မဟုတ်။ ဖိုးသူတော်လို၊ မယ်သီလလို၊ ရသေ့လို အပြောင်အပြက် ကရသည်။ ဒိုးပတ်ဝိုင်းမှာ ဒိုးသမား၊ နှဲသမား၊ လင်ကွင်းသမားတစ်ယောက်စီနှင့် အကသမားက တစ်ယောက်၊ တစ်ခါတစ်ရံ နှစ်ယောက်ပါသည်။
ဒိုးအဖွဲ့၏ အကသမားခေါ် ဒိုးမင်းသားတွေထဲက စိန်ပန်းသူတော် ဦးခ၊ ဘီးတန်းရသေ့ ကိုဘရောက်၊ ရှမ်းပွဲသူတော်ဦးအောင်၊ ရသေ့ကိုဖိုးလတ်တို့ နာမည်ကြီးသည်။
ဒိုးသမားဦးဒေါ်လာသည်ထဲမှာမှ ထူးထူးခြားခြားနာမည်ကြီးသူ တစ်ယောက်လည်းရှိသတဲ့။ သူက ဒိုးသမားဦးဒေါ်လာတဲ့။ ဦးဒေါ်လာက ဒိုးကို ရိုးရိုးမတီး ခြေနဲ့ခတ်ပြီးတီးသတဲ့။ လည်ပင်းမှာ ဆွဲလှည့်ပြီးတီးသတဲ့။ ကျားလို ဒိုးပတ်ကိုပါးစပ်နဲ့ ကိုက်ချီပြီးလက်နဲ့သာမက ခြေနဲ့လည်း တီးသတဲ့။ ရှေ့ကျွမ်းနောက်ကျွမ်းထိုးပြီးတီးသတဲ့။ ခြင်းလုံး စလွယ်ခတ်သလိုလည်း တီးသတဲ့။ မန္တလေးကို ဝေလမင်းသားလာတော့ သူ့ဒိုးပတ်ဝိုင်းနဲ့ ဘူတာရုံက ကြိုရသတဲ့။ မဟာမုနိဘုရားကြီး ကောက်ဦးထမနဲ ကပ်လှူတဲ့ပွဲ ဆွမ်းကြီးကပ်အလှူ အခမ်းအနားတိုင်း သူ့ဒိုးပတ်ဝိုင်းက အမြဲကုသိုလ်ပါဝင်နေကျတဲ့။ နေမျိုးဗလကျော်သူ ရွာစားကြီးစိန်ဗေဒါကတောင် ဒိုးပတ်ကို ဆိုင်းဝိုင်းလိုကောင်းအောင် တီးတတ်ပါပေရဲ့လို့ ချီးမွမ်းရသတဲ့။ ဤသို့ ထင်ရှားခဲ့သူ ဒိုးသမားဖြစ်သည်။
ပိုထူးတာက ဦးဒေါ်လာက မန္တလေး စကြာနွယ်စဉ်အမြောက်တန်းသား။ သူ့အဖေက ဦးဒွရ်မံ၊ အမေက ဒေါ်ဘီတဲ့။ မြန်မာမွတ်စလင်မို့ သူ့နာမည် အပ္ပဒွလ္လာကိုအဖျားဆွတ်ပြီး ဦးဒေါ်လာဟု ခေါ်ကြခြင်းဖြစ်သည်။
ဆူးငှက်