ဝန်းသို၊ ၂၆ မေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့် ကင်းမြင်သာ ကျေးရွာအုပ်စု၊ အောင်သာကုန်းကျေးရွာတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းဖွင့်နိုင်ရေး စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

အဆိုပါ ကျောင်းဆောင်သစ်မှာ အလျား ပေ ၆၀၊ အနံပေ ၃၀၊ အမြင့် ၁၂ ပေရှိပြီး သွပ်မိုး၊ အုတ်ရိုးစီ၊ တစ်ထပ်အုတ်ညှပ် အမျိုးအစားဖြစ်ကာ စီမံကိန်းထောက်ပံ့ငွေသိန်း (၁၀၀)၊ ပြည်သူထည့်ဝင်ငွေ (၅၆)သိန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာပံ့ပိုးကူညီမှုဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ရွာမှာရှိတဲ့ ကလေးတွေက (၁)မိုင်ခန့်ဝေးတဲ့ ခပ်ချိုကျေးရွာမှာ ကျောင်းသွားတက်ရတယ်၊ ကျွန်တော်တို့ဒေသက မိုးများတဲ့ဒေသဆိုတော့ မိုးတွင်းဆိုရင် လမ်းတွေကရေမြုပ်တယ်၊ မိဘတွေကစိုးရိမ်တော့ အလုပ်အပျက်ခံပြီး ကျောင်းပို့ကျောင်းကြိုကို အချိန်ပေးပြီးလုပ်ကြရပါတယ်၊ တစ်ခါတစ်လေ ကျောင်းပျက်ရက်တွေတောင် ရှိပါတယ်၊ ငယ်ရွယ်တဲ့ကလေးတွေဆိုရင် လမ်းသွားလမ်းလာကားတွေ၊ ဆိုင်ကယ်တွေရဲ့ အန္တရာယ်ကို စိုးရိမ်နေကြရတယ်၊ ယခု ဒီစီမံကိန်းရတော့ ရွာသားအားလုံးရဲ့ သဘောတူဆုံးဖြတ်ချက်နဲ့ ကျောင်းဆောင်သစ်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်" ဟု ကျေးရွာခေါင်းဆောင် ဦးနိုင်ဇင်ထွန်းက ပြောသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကို ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် ကိုယ်ပိုင်စိတ်ဓာတ်မွေးမြူနိုင်ပြီး မိမိကိုယ်တိုင် ဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးရေးရလဒ်များကို တန်ဖိုးထားထိန်းသိမ်းတတ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဝန်းသိုမြို့နယ်တွင် ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း(၁၀၀) ထောက်ပံ့ပေးပြီး ကျေးရွာပေါင်း(၂၂)ရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေကြပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မွှေးကြူဇင်

mdn