တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့အကြား တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် လွန်ခဲ့သည့် (၇၆) နှစ်မှစတင်ကာ တစ်နိုင်ငံအပေါ်တစ်နိုင်ငံ စိတ်ရင်းမှန်ဖြင့် ယုံကြည်အားထားကြပြီး အပြန်အလှန် ပံ့ပိုးကူညီကြသည့် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းများ ဖြစ်ခဲ့ကြ ကြောင်းကို နှစ်ဖက်စလုံးက အလေးထားပြောကြားခဲ့ကြပါသည်။ နှစ်နိုင်ငံလုံးသည် တန်းတူရည်တူရှိမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမှုကို အစဉ်တစိုက် လိုက်နာကျင့်သုံး ခဲ့ကြပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေးတွင် တစ်နိုင်ငံကို တစ်နိုင်ငံက ခိုင်မာစွာ ပံ့ပိုးကူညီခဲ့ကြသည်။
ဒေသတွင်း နိုင်ငံတကာအခင်းအကျင်းတွင် ကြီးမားလေးနက်သော အပြောင်းအလဲများဖြစ်ပေါ် နေသည့် အခြေအနေကိုထောက်ရှု၍ နှစ်ဖက်စလုံးသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို စောင့်ထိန်းရန်၊ တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို ပိုမိုလက်ဆင့်ကမ်းသယ်ဆောင်ရန်၊ တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှု၊ ညှိနှိုင်းဆွေးနွေးမှုနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းမှုတို့အပေါ် အခြေခံ၍ ကဏ္ဍစုံတွင် လက်တွေ့ကျပြီး အပြန်အလှန်အကျိုးပြုသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဖော်ဆောင်ရန်၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုကို ဆက်လက်မြှင့်တင်သွားရန်နှင့် နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုကောင်းမွန်သောအကျိုးကျေးဇူးများ ဖော်ဆောင်ပေးရန် သဘောတူညီခဲ့
ကြသည်။
နှစ်ဖက်စလုံးက တစ်နိုင်ငံ၏ အဓိကအကျိုးစီးပွားနှင့် အလေးထားရမည့် အရေးကိစ္စရပ်များတွင် အပြန်အလှန်ခိုင်မာစွာ ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြ သည်။ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားရေးအခြေအနေများနှင့် ကိုက်ညီပြီး ပြည်သူလူထုက ထောက်ခံအားပေးသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတိုင်း ဦးတည်သွား နေခြင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံဘက်မှ နိုင်ငံ၏အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အမျိုးသားရေးဂုဏ်သိက္ခာတို့ကို ကာကွယ်စောင့်ရှောက်ခြင်း ကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ လူမှုသဟဇာတဖြစ်ရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဖော်ဆောင်မှု ကိုလည်းကောင်း ခိုင်မာစွာပံ့ပိုးကူညီသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံဘက်မှ သမ္မတ ရှီကျင့်ဖျင်၏ လူသားမျိုးနွယ်စုတစ်ရပ်လုံးအတွက် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး အဆိုပြုချက်များအပြင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံနှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုအစီအမံတို့အပေါ် အလေးအနက်တန်ဖိုးထားပါသည်။ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါမူဘောင်များသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တိုးတက်ဖြစ်ထွန်းမှုတို့ကို သိသာထင်ရှားစွာ အထောက်အကူပြုကြောင်း မှတ်တမ်းတင်အသိအမှတ်ပြုပါသည်။ နှစ်ဖက်စလုံးသည် နိုင်ငံရေးအရ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှု၊ နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးတိုးတက်မှု၊ ဟန်ချက်ညီပြီး အပြန်အလှန်အားဖြည့်ပေးမည့် လုံခြုံရေးနှင့် အပြန်အလှန်ပေါင်းစည်းပေးမည့် ကူးလူးဆက်ဆံမှုများ ဖော်ဆောင်လျက် အပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းစေမှု၊ တန်းတူညီမျှမှုရှိရေးနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေ သည့် ပူးပေါင်းဆောင်ရွက်မှုဟူသော ရည်မှန်းချက်များအပေါ် အခြေခံ၍ “တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း” ကို အတူတကွပူးပေါင်း တည်ဆောက်သွားမည်ဖြစ်သည်။
သို့ဖြစ်ရာ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန် မြှင့်တင်ရေးဆိုင်ရာ ပူးတွဲကြေညာချက်တွင် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအတွက် အကျိုးစီးပွားများကို ဆောင်ကြဉ်းပေးမည့် ကဏ္ဍပေါင်းစုံသဘောတူညီချက်များကို ကျယ်ကျယ်ပြန့်ပြန့် စုံစုံလင်လင် သဘောတူညီချက်များပါဝင်ပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရေး၊ ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုကို ရှေ့ဆက်ဖော်ဆောင်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် များကို ကျဉ်းမြောင်းစေရေးနှင့် ပွင့်လင်းပြီး အားလုံးပါဝင်နိုင်သည့် ဒေသတစ်ခုဖြစ်ပေါ်လာ စေရေး ပါဝင်ပံ့ပိုးရန် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကြပြီး တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်မှုအရှိန်အဟုန်မြှင့်တင်ရေးတို့ကို နှစ်နိုင်ငံအလေးအနက် သဘောတူညီခဲ့ပါကြောင်း။ ။


