သံအမတ်ကြီး မစ္စတာချန်းဟိုင်

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးလုပ်ငန်းအစည်းအဝေးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပေကျင်းမြို့၌ကျင်းပခဲ့ရာ သမ္မတ ရှီကျင့်ဖျင်က အရေးပါမိန့်ခွန်းပြောကြားခဲ့သည်။ သမ္မတရှီကျင့်ဖျင်က ခေတ်သစ် တရုတ်ဝိသေသဆောင်သော နိုင်ငံကြီး သံတမန်ဆက်ဆံရေး၏ သမိုင်းဝင်အောင်မြင်မှုနှင့် အဖိုးတန်အတွေ့အကြုံများကို စနစ်တကျခြုံငုံ၍ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးလုပ်ငန်းတွင် ရင်ဆိုင်ရသော နိုင်ငံတကာပတ်ဝန်းကျင်နှင့် ထမ်းဆောင်ရသည့် သမိုင်းပေးတာဝန်အကြောင်း လေးနက်စွာရှင်းလင်းပြောကြားကာ လက်ရှိနှင့် အနာဂတ်ကာလတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးလုပ်ငန်းအတွက် ဘက်စုံနေရာချထားမှုများ လုပ်ဆောင်ခဲ့သည်။ မိမိသည် မြန်မာနိုင်ငံနယ်ပယ်အသီးသီးမှ မိတ်ဆွေများကို အစည်းအဝေးအကြောင်းအရာ မိတ်ဆက်ပေးပြီး တရုတ် - မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရန် အမြင်အချို့အား မျှဝေပေးလိုပါသည်။

နိုင်ငံအသီးသီးနှင့်အတူလက်တွဲကာ စိန်ခေါ်မှုများ ရင်ဆိုင်၍ အတူတကွ စည်ပင်ဝပြောမှု အကောင်အထည်ဖော်

အစည်းအဝေးတွင် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှုသည် ရှီကျင့်ဖျင် သံတမန်ဆက်ဆံရေး အတွေးအခေါ်၏ အဓိကအယူအဆဖြစ်ကြောင်း၊ ရေရှည်ငြိမ်းချမ်းသော၊ ယေဘုယျအားဖြင့် လုံခြုံသော၊ အတူတကွစည်ပင်ဝပြောသော၊ တံခါးဖွင့်၍ အားလုံးပါဝင်မှုရှိသော၊ သန့်ရှင်းသာယာလှပသော ကမ္ဘာကြီးတည်ဆောက် ခြင်းကို ကြိုးပမ်းမှုရည်မှန်းချက်အဖြစ်ထားရှိခြင်း၊ အတူတကွဆွေးနွေး၊ အတူတကွတည်ဆောက်၊ အတူတကွမျှဝေသည့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု တွန်းအားပေးခြင်းအား အကောင်အထည် ဖော်ဆောင်သည့် လမ်းကြောင်းအဖြစ် ထားရှိခြင်း၊ လူသားအားလုံး ဘုံတန်ဖိုးဖော်ဆောင်ခြင်းအား ယေဘုယျအားဖြင့် လိုက်နာခြင်း၊ နိုင်ငံတကာဆက်ဆံရေး ပုံစံအသစ်တည်ဆောက်ခြင်းကို အခြေခံ ကျားကန်မှုအဖြစ်ထားရှိခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံ အကောင်အထည်ဖော်ဆောင်ခြင်းအား မဟာဗျူဟာမြောက် ဦးဆောင်မှုအဖြစ်ထားရှိခြင်း၊ “Belt and Road” အရည်အသွေးမြင့် အတူတကွတည်ဆောက်ခြင်းအား လက်တွေ့အကောင်အထည်ဖော်ဆောင်သည့် ပလက်ဖောင်းထားရှိခြင်းတို့ဖြင့် နိုင်ငံအသီးသီးနှင့်အတူလက်တွဲကာ စိန်ခေါ်မှုများ ရင်ဆိုင်၍ အတူတကွ စည်ပင်ဝပြောမှု အကောင်အထည်ဖော်ဆောင်ပြီး ကမ္ဘာကြီးက ငြိမ်းချမ်းသော၊ လုံခြုံသော၊ စည်ပင်ဝပြောသော၊ တိုးတက်သော ထွန်းပြောင်သည့်အနာဂတ်သို့ လျှောက်လှမ်းရန် တွန်းအားပေး ဖော်ဆောင်ရမည်ဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။

အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရန်အတွက် တရုတ်နိုင်ငံက တန်းတူညီမျှ၍ စနစ်ကျသည့် ဗဟုဝင်ရိုးကမ္ဘာနှင့် ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြု၍ အားလုံးပါဝင်မှုရှိသည့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို အဆိုပြုခဲ့သည်။ တန်းတူညီမျှ၍ စနစ်ကျသည့် ဗဟုဝင်ရိုးကမ္ဘာသည် နိုင်ငံကြီး၊ ငယ်မရွေး အားလုံးတန်းတူ ညီမျှဖြစ်ခြင်းကို လက်ကိုင်စွဲ၍ ဗိုလ်ကျစိုးမိုးမှုဝါဒနှင့် ပါဝါနိုင်ငံရေးကို ကန့်ကွက်ကာ နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီဆန်ခြင်းကို လက်တွေ့ကျကျ ဖော်ဆောင်ခြင်းဖြစ်သည်။ ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းရည်မှန်းချက်နှင့် အခြေခံမူကို အတူတကွ လိုက်နာစောင့်ထိန်း၍ ယေဘုယျအားဖြင့် အသိအမှတ်ပြုသည့် နိုင်ငံတကာဆက်ဆံရေး အခြေခံမူစည်းမျဉ်းကို အတူတကွလက်ကိုင်စွဲကာ စစ်မှန်သော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒ (Multilateralism) ကို လက်တွေ့အကောင် အထည်ဖော်ဆောင်ရမည် ဖြစ်သည်။

အားလုံးပါဝင်မှုရှိသည့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း

ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြု၍ အားလုံးပါဝင်မှုရှိသည့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းဆိုသည်မှာ နိုင်ငံအသီးသီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ယေဘုယျတောင်းဆိုချက်များအရ တစ်ကမ္ဘာလုံးတွင် အရင်းအမြစ်ခွဲဝေမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံများအကြားနှင့် နိုင်ငံများအတွင်းပိုင်း ဖွံ့ဖြိုးတိုးတက်မှု မညီမျှ သည့်ပြဿနာကို ကောင်းမွန်စွာ ဖြေရှင်းခြင်းပင်ဖြစ်သည်။ ဂလိုဘယ်လိုက်ဇေးရှင်းအား ဆန့်ကျင်မှု(Deglobalization)၊ လုံခြုံရေး အယူအဆများကို အလွဲသုံးစားလုပ်ခြင်း (abuse the concept of security) တို့အား ပြတ်ပြတ်သားသားဆန့်ကျင်၍ တစ်ကိုယ်တော်ဝါဒ (unilateralism)၊  ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ (protectionism) ပုံစံမျိုးစုံကို ကန့်ကွက်ရမည်။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလွတ်လပ်ခြင်း၊ အဆင်ပြေလွယ်ကူခြင်းတို့ကို ခိုင်မာစွာ မြှင့်တင်၍ ကမ္ဘာ့စီးပွားရေး ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်မှုအား အတားအဆီးဖြစ်စေသည့် ဖွဲ့စည်းပုံဆိုင်ရာအခက်အခဲများကို ဖြေရှင်းခြင်းဖြင့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို ပိုမိုတံခါးဖွင့်သော၊ အားလုံးပါဝင်မှုရှိသော၊ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုသော၊ ညီမျှ သောလားရာသို့ ဖွံ့ဖြိုးတိုးတက်စေရန် ဖော်ဆောင်ရမည်။

တရုတ် - မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ် နက်ရှိုင်းသည်။ သမ္မတ ရှီကျင့်ဖျင်သည် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်လာရောက်ခဲ့ပြီး နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရန် သဘောတူညီ ခဲ့သည်။ ယခုနှစ်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ်ကို တရုတ်၊ မြန်မာ၊ အိန္ဒိယက အတူတကွအဆိုပြုသည့် နှစ် ၇၀ ပြည့်ဖြစ်သည်။ မိမိတို့သည် ဗဟိုကော်မတီ နိုင်ငံခြားရေးလုပ်ငန်း အစည်းအဝေးစိတ်ဓာတ်ကို ကျင့်သုံး၍ တရုတ် - မြန်မာချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံသည့် ဉာဏ်ပညာနှင့် အတွေ့အကြုံများကို လက်ဆင့်ကမ်းပြန့်ပွားစေပြီး ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်း ဟူသည့် အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးအယူအဆကို လက်တွေ့ဖော်ဆောင်သွားမည်ဖြစ်သည်။ မိမိတို့သည် မြန်မာနိုင်ငံနှင့်အတူ သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်ရလဒ်များကို ဆက်လက်ဖော်ဆောင်၍ နိုင်ငံရေးရာစီမံခန့်ခွဲမှု အတွေ့အကြုံများ ကူးလူးဖလှယ်ခြင်းကို မြှင့်တင်သွားမည်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံတို့ကို ချိတ်ဆက် အကောင်အထည်ဖော်ဆောင်၍ တရုတ် - မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောက်မှု လက်တွေ့ကျနက်ရှိုင်းလာစေရန် တွန်းအားပေးသွားမည်ဖြစ်သည်။ မိမိတို့သည် မြန်မာနိုင်ငံနှင့်အတူ “Belt and Road” နှင့် တရုတ် - မြန်မာစီးပွားရေးစင်္ကြံကို အရည်အသွေးမြင့် အတူတည်ဆောက်ပြီး ပိုမိုများပြားသည့် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုရလဒ်များဖြင့် နှစ်နိုင်ငံပြည်သူများကို ပိုမို အကျိုးပြုသွားလိုသည်။ မိမိတို့သည် မြန်မာနိုင်ငံက မိမိနိုင်ငံအခြေ အနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း လျှောက်လှမ်းခြင်းကို အားပေးပြီး မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ထောက်ခံပံ့ပိုးပေးရန်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ကာ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွ ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်သည်။ မိမိတို့သည် ပြည်သူဗဟိုပြုသည့် ဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်ကို အမြဲတစေ လက်ကိုင်စွဲ၍ တရုတ်-မြန်မာ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ ဆက်သွယ်ရေးလိမ်လည်မှု စသည့်နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို အတူတိုက်ဖျက်ပြီး နှစ်နိုင်ငံပြည်သူများ အသက်အိုးအိမ် စည်းစိမ်ဥစ္စာဘေးကင်းလုံခြုံမှုကို ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်သည်။ မိမိတို့သည် မြန်မာနိုင်ငံနှင့်အတူ လန်ချန်း-မဲခေါင်နှင့် တရုတ်-အာဆီယံ စသည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ သာယာလှပသောအိမ်ရာကြီး အတူတည်ဆောက်သွားလိုပါသည်။

နှစ်သစ်အစကာလတွင် မြန်မာနိုင်ငံပြည်သူများ ငြိမ်းချမ်းမှု၊ စည်ပင်ဝပြောမှုနှင့် သာယာချမ်းမြေ့မှုများ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။  ။