သြဂုတ် ၈

တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်သူ ကမ်တေဟီးဟာ အေဂျင်စီဟောင်းနဲ့ စာချုပ်သက်တမ်း ပြည့်ခဲ့ပြီဖြစ်တာကြောင့် လတ်တလောမှာတော့ အေဂျင်စီအသစ်ကို ရှာဖွေနေကြောင်း အနုပညာအသိုင်းအဝိုင်းက ပေါ်ထွက်လာတဲ့ သတင်းတွေကို ကိုးကားကာ အောကေပေါ့ပ်ဒေါ့ကွန်းက ရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။

ကမ်တေဟီးဟာ ၂၀၁၀ ပြည့်နှစ်အတွင်းမှာ အစ်မဖြစ်သူ တည်ထောင်ထားတဲ့ လူအာအင်န်တာတိန်းမန့်နဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒီအေဂျင်စီကိုတော့ ကမ်တေဟီးရဲ့ မိဘတွေ ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ ကမ်တေဟီးရဲ့ မောင်ဖြစ်သူ လီဝမ်ဟာလည်း လက်ရှိမှာ သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာနယ်ပယ်မှာ လှုပ်ရှားနေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်းရင်းမြစ်တွေရဲ့ ထုတ်ဖော် ပြောကြားချက်အရ ပြီးခဲ့တဲ့ဇွန်လပိုင်းက စတင်ပြီး ကမ်တေဟီးဘက်က အေဂျင်စီအသစ်ကို ဆက်သွယ်ရှာဖွေလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ဒီသတင်းကို တရားဝင်ထုတ်ဖော်ပြောကြားခြင်းတော့ မရှိသေးပေမယ့် သတင်းရင်းမြစ်တစ်ဦးကတော့ ကမ်တေဟီးဟာ အေဂျင်စီအသစ်ကို ရှာဖွေကာ အနုပညာ လမ်းကြောင်းပေါ် နောက်တစ်ကြိမ်တက်လှမ်းလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ်တေဟီးဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နှစ်စပိုင်းမှာ နှစ်အတော်ကြာ လက်တွဲလာခဲ့တဲ့ တေးသံရှင်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သူ ရိန်းနဲ့လက်ထပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းမှာတော့ သမီးလေးကို မွေးဖွားခဲ့ပြီး လက်ရှိမှာတော့ ရင်သွေးလေးကို စောင့်ရှောက်ရင်း အချိန်တွေကုန်ဆုံးနေတာ ဖြစ်ပါတယ်။ ကမ်တေဟီးကို ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေအတွက် ကမ်းလှမ်းမှုတွေလည်း ရှိနေပြီး သူကိုယ်တိုင်ကလည်း လူမှုကွန်ရက် မီဒီယာကနေတစ်ဆင့် ပရိသတ်တွေနဲ့ အဆက်အသွယ် လုပ်ခဲ့ပါတယ်။ ဒါကြောင့် ကမ်တေဟီးဟာ အေဂျင်စီအသစ်ကို ရှာဖွေပြီး ဇာတ်လမ်းတွဲသစ်တွေနဲ့ ပရိသတ်ရှေ့ အရောက်ပြန်လာမှာ ဖြစ်တယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အေးပြည့်