နေပြည်တော် အောက်တိုဘာ ၇

 

တိရစ္ဆာန် နှင့် ငါးမွေးတောင်သူများ အကျိုးစီးပွား ဖြစ်ထွန်းစေရေး၊ ပုဂ္ဂလိက ကဏ္ဍ အားကောင်းလာစေရေး၊ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် သား၊ ငါး ကဏ္ဍ အပါအဝင် မွေးမြူရေး ကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး Action Plan ရေးဆွဲရန်လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 

“ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိစေရန်အတွက် ကြက်၊ ဝက်များကို ခေတ်မီနည်းစနစ်များဖြင့် ပေါင်းစပ်မွေးမြူရန်နှင့် ပြည်ပသို့ အေးခဲအသားများအဖြစ် တင်ပို့နိုင်ရေး ဆောင်ရွက်သွားရန်”  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ပသို့ အသားနှင့်ငါး အေးခဲတင်ပို့မှု လက်ရှိအခြေအနေနှင့် တိုးမြှင့်နိုင်မှု အလားအလာကို သုံးသပ်ပြီး ပုဂ္ဂလိက၊ အစိုးရပိုင်းက ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ် Action Plan ရေးဆွဲရန်၊ လိုအပ်ချက်များ ပြင်ဆင်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိက ကဏ္ဍများအကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

 

ယခုအခါ လုပ်ငန်းအစီအစဉ် Action Plan ရေးဆွဲရန် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီးဖြစ်၍ Action Plan Outline အတည်ပြုရေးနှင့် ပုဂ္ဂလိက အစိုးရပိုင်း (၂) ခုလုံး လွှမ်းခြုံပါဝင်ပြီး၊  ပြည့်စုံကောင်းမွန်သော Action Plan များ သတ်မှတ်ကာလအတွင်း ရေးဆွဲ ပြီးစီးနိုင်ရန် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ကျင်းပခြင်း ဖြစ်ကြောင်း၊ ယင်း စီမံချက်ကာလအနေဖြင့် ၂၀၂၁ မှ ၂၀၂၅ အထိ (၅) နှစ်စာ မျှော်မှန်းရေးဆွဲ သွားမည်ဖြစ်ပြီး လုပ်ငန်းစဉ် တစ်ခုချင်းအတွက် နှစ်အလိုက် ဆောင်ရွက်ရန် လျာထားအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်