ဆလိုင်းဗန်ရိုးထန်

ချင်းပြည်နယ် မတူပီမြို့သည် ၁၉၄၉ ခုနှစ်တွင် မြို့ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မြို့နယ်မှတစ်ဆင့် ခရိုင်အဖြစ်တိုးမြှင့်သည်။ မတူပီခရိုင် မတူပီမြို့သည် စန်ဘောင်၊ ခိုတွေ၊ လောင်ဗန်းနှင့် လားဟူ၍ ရပ်ကွက် လေးရပ်ကွက်ရှိပြီး ခရိုင်အဖြစ်တိုးမြှင့် ခြင်းကြောင့် ရပ်ကွက်အသစ်တချို့လည်း ထပ်မံတိုးလာမည်ဖြစ်သည်။ မတူပီမြို့နှင့် ငါးမိုင်ကျော်ကွာဝေးသည့် ဖနိုင်ရွာနှင့် ငလိုင်ရွာကြားတွင် ပထဝီဝင် မြေနေရာအနေအထားကောင်းမွန်ခြင်းကြောင့် တာဝန်ရှိသူများက ခရိုင်နယ်မြေအဖြစ် တိုးချဲ့ပြီး ဖနိုင်နှင့် ငလိုင်သည် ရပ်ကွက်သစ်အဖြစ် ထပ်မံတိုးလာမည်ဖြစ်သည်။ ခရိုင်နယ်မြေကျယ်ဝန်းလာသည်နှင့်အမျှ အိမ်ခြေများနှင့် လူဦးရေများလည်း တိုးလာမည်ဖြစ်သည်။ ယခုတွင် ဖနိုင်နှင့် ငလိုင်ကြားတွင် ခရိုင်ရုံးများ ဆောက်လုပ် အကောင်အထည်ဖော်နေပြီဖြစ်သည်။

လူမျိုးပေါင်းစုံနှင့် ဘာသာစကားပေါင်းစုံသုံးစွဲ

ချင်းပြည်နယ်သည် မျိုးနွယ်စုများပြားသည့်အလျောက် ဘာသာစကားပေါင်းစုံရှိရာ မတူမျိုးနွယ်စုများတွင်လည်း ဘာသာစကား ကွဲပြားမှုများရှိသည်။ မတူပီမြို့၌ တာဝန်ကျသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမျိုးပေါင်းစုံ နေထိုင်ကြပြီး မတူစကားကို အများစုသုံးစွဲကြသည်။ မတူစကား မပြောတတ်သည့် မျိုးနွယ်စုများက ဗမာတိုင်းရင်းသား စကား၊ ဟားခါးဘာသာစကားနှင့် မိမိတတ်ကျွမ်းသည့် တခြားရိုးရာဘာသာစကားများကို ပြောဆိုသုံးစွဲကြသည်။ ရှေးယခင်ခေတ်တွင် ဟားခါးဘာသာစကားကို အခြေခံကျောင်းစာများ၌ သင်ကြားပို့ချခြင်းကြောင့် သက်ကြီးရွယ်အိုနှင့် လူငယ်အများစုသည် ဟားခါးဘာသာစကားကို တတ်ကျွမ်းကြလေသည်။ ထို့ကြောင့် မတူပီခရိုင်ရှိ ဒေသခံများသည် ဘာသာစကားမျိုးစုံ သုံးစွဲပြောဆိုကြသည်ဟု ဆိုနိုင်ပါသည်။ ။

မတူပီမြို့၏ တည်နေရရာအနေအထား

ချင်းပြည်နယ်သည် တောင်ကုန်းတောင်တန်းများဖြင့် ထူထပ်လျက်ရှိရာ မတူပီခရိုင်သည် တောင်ပေါ်တွင် တည်ထားပြီး အေးချမ်းသာယာလှပသည့် ခရိုင်မြို့ဖြစ်သည်။ မတူပီမြို့၏ အရှေ့ဘက်တွင် လည်မျိုးချောင်းစီးဆင်းပြီး အနောက်ဘက်တွင် နှော်သဲချောင်းရေစီးဆင်းသည်။

တောင်ဘက်၌ မတူပီခရိုင်ဒေသတွင် နာမည်ကြီးလူသိများသည့် ကိုင်ဆီးတောင်တန်းတည်ရှိပြီး မြောက်ဘက်အရပ်တွင် ဘုံတလာတောင်တန်းနှင့် ရာသီသုံးရာသီဖြင့် တသွင်သွင်စီးကျနေသည့် ဘုံတလာရေတံခွန် တည်ရှိသည်။ မတူပီမြို့၏ ပတ်ပတ်လည်သည် တောင်ကုန်းတောင်တန်းများဖြင့် ဝန်းရံကာဆီးထားသည်။

နွေးထွေးစွာ ကြိုဆိုလျက်ပါ

မတူပီမြို့သို့ ဆောင်းတွင်းကာလ၌ လာရောက် လည်ပတ်မည်ဆိုပါက အနွေးထည်များ များများယူဆောင်လာရန် လိုအပ်ပါသည်။ အနွေးထည်ကို လုံလုံလောက်လောက် မယူသွားပါက အအေးဒဏ်ကို နေ့၊ ည အန်တုရမည်ဖြစ်သည်။ ပြည်မထက် စားသောက်ကုန်များ တစ်ဆဈေးကြီးသည့်အတွက် ခရီးစရိတ်များလည်း လုံလုံလောက်လောက်ယူလာရန် လိုအပ်ပါသည်။ လေအေး လေစိမ်းတိုက်ခတ်မှုကြောင့် အသားအရေများလည်း အညိုရောင်အဖြစ်သို့ ပြောင်းလဲလာမည်ဖြစ်သည်။ မနက် စောစော မျက်နှာသစ်ရန်ပင် အလွန်ခက်ခဲသည့် အလုပ်တစ်ခုဟု ထင်မှတ်ရပြီး တစ်ရက်တစ်ခါရေချိုးရန် အင်မတန်အားစိုက်ရသည်။ “မတူပီမြို့ က အေးအေးချမ်းချမ်းလေးနဲ့ အလွန်ပျော်စရာ ကောင်းပါတယ်။ ဒါပေမယ့် အတော်အေးတော့ မနေတတ်ဘူး”ဟု ဆောင်းရာသီကာလတွင် ရွှေဘိုမြို့ မှ မတူပီမြို့သို့ လာရောက်လည်ပတ်သည့် ကိုဖိုးမင်းကပြောပြသည်။ အလွန်အေးချမ်းမှုကြားမှ ဝမ်းရေးအတွက် စည်ပင်ဈေးတွင် နံနက် ၄ နာရီမှ နံနက် ၈ နာရီအထိ ဈေးသည်များ တက်တက်ကြွကြွ ဈေးရောင်းခြင်းနှင့် ဈေးဝယ်သူများဖြင့် စည်ကားပုံကို မြင်တွေ့ရမည်ဖြစ်သည်။ မနက်ခင်းဘက်တွင် လည်မျိုးချောင်းနှင့် သဲချောင်းဘက်ရှိ တိမ်ပင်လယ်ကိုလည်း မတူပီမြို့မှ ရှုမြင်နိုင်သည်။

 

mdn

 

တောင်ကျစမ်းရေများ ခန်းခြောက်ပြီး သောက်သုံးရေ ရှားပါးလာတော့မည်

ချင်းပြည်နယ်သည် တောင်ကုန်းတောင်တန်းများပြားသည့်အတွက် ပြည်မဘက်ကဲ့သို့ အဝီစိရေတွင်းတူးပြီး သောက်သုံးရေမရနိုင်ပါ။ တောင်ကျစမ်းရေကို အားကိုးအားထားပြုရသည်။ ဆောင်းရာသီနှင့် နွေရာသီတို့တွင် မတူပီမြို့ ပတ်ပတ်လည်ရှိ တောင်ကျစမ်းရေများသည် တဖြည်းဖြည်းခန်းခြောက်လာပြီး သောက်သုံးရေ ရှားပါးခြင်း အခက်အခဲပြဿနာကို ကြုံတွေ့ကြရသည်။ မတူပီမြို့၏ တောင်ခြေဘက်ရှိ တောင်ကျစမ်းရေများကို ရေပိုက်ဖြင့် သွယ်ယူမရသည့်အတွက် မြို့နှင့်အလှမ်းဝေးသည့် တောင်ကျစမ်းရေကို ရေပိုက်ဖြင့် သွယ်ယူသုံးစွဲကြသည်။ ထိုသို့ သွယ်ယူရာတွင် မတူပီမြို့နှင့် အလှမ်းဝေးခြင်းကြောင့် လမ်းတစ်ဝက်တွင် ရေပိုက်ပေါက်ပြဲခြင်းများ မကြာခဏ ဖြစ်ပေါ်ပြီး သောက်သုံးရေပြတ်လပ်မှုကို ကြုံတွေ့ရသည်။ တာဝန်ရှိသူများက အကြိမ်ပေါင်းများစွာ ကြိုးစားလုပ်ဆောင်သော်လည်း သောက်သုံးရေ လုံလုံလောက် လောက်ရရှိနိုင်ရန် ယနေ့တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါ။ မတူပီမြို့တွင် စည်ပင်ဌာနမှ ရေပေးဝေမှုစနစ်၊ ဘာသာရေးမှ ရေပေးဝေမှုစနစ်နှင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် သွယ်ယူသုံးစွဲသည့်ရေဟူ၍ ရေပေးဝေစနစ်ရှိရာ မတူပီမြို့ တည်နေရာသည် အတက်၊ အဆင်းရှိခြင်းကြောင့် ရပ်ကွက်အချို့ကိုသာ ရေပေးဝေနိုင်ပြီး တောင်ပေါ်ဘက်ရှိ ရပ်ကွက်အချို့ကို သောက်သုံးရေ ပေးဝေနိုင်ရန် အခက်အခဲရှိသည်။ သောက်သုံးရေများကို နံနက်ပိုင်းနှင့် ညနေပိုင်းဟူ၍ အပိုင်းနှစ်ပိုင်းခွဲကာ သက်ဆိုင်ရာ တာဝန်ရှိသူများက အလှည့်ကျ ရေပေးဝေသည်။ သောက်သုံးရေများကို အများပိုင်ရေတိုင်ကီတွင် ရေပုံးများဖြင့် သယ်ယူပြီး မိမိအိမ်ရှိ ပီပါပုံများတွင် ရက်ရှည်သုံးစွဲနိုင်ရန် သိုလှောင်ထားကြသည်။ “မတူပီမြို့က နေချင်စဖွယ်ကောင်းတဲ့ မြို့လေးဖြစ်ဖို့အတွက် ရေရှားပါးမှုပြဿနာကို အရင်ဆုံးဖြေရှင်းနိုင်မှရမယ်။ ရေရှားပါးတဲ့ ပြဿနာကြောင့် နေချင်စရာမကောင်းဘူး။ ရေသာ ပြည့်ပြည့်၀၀ သုံးစွဲလို့ရနိုင် မယ်ဆိုရင် အလွန်နေချင်စဖွယ်မြို့လေးဖြစ်မှာပါ” ဟုကျောင်းဆရာ ကိုဂျိုးဇက်က ပြောသည်။

သောက်သုံးရေရောင်းသူများစီးပွားဖြစ်လာ

သောက်သုံးရေများကို မိသားစုလုံလုံလောက်လောက် သုံးစွဲနိုင်ရန်အတွက် မြို့၏ ပတ်ပတ်လည်ရှိ စမ်းချောင်းများ၊ တောင်ကျစမ်းရေများကို ကိုယ်ပိုင်မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအသုံးပြုကာ ရေပုံးများဖြင့် သယ်ယူကြသည်။

ဆောင်းရာသီနှင့် နွေရာသီတို့တွင် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် သောက်သုံးရေများ မတူပီမြို့အနှံ့သို့ လိုက်လံရောင်းချသူများသည် ဝင်ငွေအကောင်းဆုံးဟုပင် ဆိုနိုင်သည်။ နေ့စဉ်နေ့တိုင်း မတူပီမြို့တွင်းတွင် ညနေပိုင်းအချိန်ထိ သောက်သုံးရေများကို ရောင်းရပြီး မတူပီပြည်သူများကလည်း အလုအယက်ဝယ်ယူကြသည်။ “တစ်ရက်ကို အများဆုံးသုံးခေါက်ပဲ သယ်လို့ရတယ်၊ ရေတွေကို လည်မျိုးချောင်းနားက တောင်ကျစမ်းရေမှာ သွားသယ်ရတယ်။ တစ်ခေါက်ကို ငွေကျပ်ခြောက်သောင်းရပါတယ်”ဟု မတူပီ မြို့တွင်းသို့ ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် သောက်သုံးရေ လိုက်လံရောင်းချသူတစ်ဦးက ပြောသည်။ ဆောင်းရာသီနှင့် နွေရာသီတွင် မတူပီမြို့၌ သောက်သုံးရေများသည် ရောင်းရအကောင်းဆုံးဖြစ်လာသည်။ မော်တော်ယာဉ်များဖြင့် ရေရောင်းချသူများကို ကျေးဇူးတင်ရမည်ဖြစ်သည်။ မော်တော်ယာဉ်ဖြင့် မတူပီတစ်မြို့လုံးတွင် အိမ်တိုင်ရာရောက် ရေရောင်းချပေးခြင်းကြောင့် မတူပီမြို့၏ ရေရှားပါးမှုပြဿနာကို တစ်ဖက်တစ်လမ်းနည်းဖြင့် ကူညီဖြေရှင်းပေးသည်။ မော်တော်ယာဉ်ဖြင့် ရေရောင်းချခြင်း မရှိပါက မတူပီမြို့ရှိ ပြည်သူလူထု၏ ရေရှားပါးမှုပြဿနာသည် အကြီးဆုံးဖြစ်လာမည်ဖြစ်သည်။

ပြည်သူလူထုအတွက် သောက်သုံးရေ လုံလုံလောက်လောက် ရရှိနိုင်ရန် ဦးစားပေးသင့်

မတူပီမြို့တွင် ပြည်သူလူထုများ ရေရှားပါးမှုဒဏ်ကို ခံစားလာရသည်မှာ ဆယ်စုနှစ်နီးပါး ရှိနေပြီဖြစ်သည်။ မိုးရာသီတွင် သောက်သုံးရေ လုံလုံလောက်လောက် သုံးစွဲနိုင်သော်လည်း ဆောင်းရာသီနှင့် နွေရာသီတို့တွင် သောက်သုံးရေ ရှားပါးမှုအခက်အခဲကို နှစ်ကြာရှည်စွာ ကြုံတွေ့နေကြရသည်။ “ဖြစ်နိုင်ရင် မတူပီမြို့မှာ သောက်သုံးရေ လုံလုံလောက်လောက်ရနိုင်ရင် ပိုကောင်းတာပေါ့။ ဌာနဆိုင်ရာဝန်ထမ်းတွေအတွက် တစ်ပီပါကို ငွေကျပ် ၃၀၀၀ နှုန်းနှင့် အလွယ်တကူ ဝယ်လို့ရပေမယ့် ကျွန်မတို့ တစ်နေ့လုပ်တစ်နေ့စား ပြည်သူတွေအတွက်တော့ သောက်သုံးရေကို အမြဲဝယ်ယူနိုင်ဖို့ ခက်ခဲပါတယ်”ဟု ဒေါ်နှုတွမ်က ရေဝယ်ယူခြင်းကြောင့် ကြုံတွေ့ရသည့် အခက်အခဲကို ပြောပြသည်။

မတူပီခရိုင် ကျေးရွာအများစုသည် သောက်သုံးရေကို လုံလုံလောက်လောက်ရရှိသော်လည်း မတူပီမြို့တွင်း၌ ယနေ့တိုင် သောက်သုံးရေရှားပါးခြင်းပြဿနာကို မဖြေရှင်းနိုင်သေးပါ။ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုများက သောက်သုံးရေရှားပါးမှုကို အတူတကွ ဝိုင်းဝန်း အဖြေရှာပြီး ပထမဦးစားပေး အကောင်အထည်ဖော်ဆောင် ရွက်သင့်ပြီဖြစ်သည်။

သောက်သုံးရေ၏ အရေးပါမှု

ရှေးယခင် ချင်းဘိုးဘွားခေတ်တွင် ရေအရင်းအမြစ်ရရှိရာ နေရာဒေသများကိုသာ ရွေးချယ်နေထိုင်ကြသည်။ လူ့အသက်ဆက်ရန် ရေသည်အရေးကြီးဆုံးဖြစ်သည်။ နိုင်ငံ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နှင့် ကျေးရွာများတွင် ရေအရင်းအမြစ်ရရှိရေးသာလျှင် အဓိကဖြစ်သည်။ မတူပီခရိုင်သည်လည်း တိုးတက်လာသည့်အလျောက် ပြည်သူလူထုများ သောက်သုံးရေကို လုံလုံလောက်လောက် သုံးစွဲနိုင်ရန်အတွက် အမြန်ဆုံးဆောင်ရွက်နိုင်ရန် လိုအပ်သည်။

သောက်သုံးရေကို လုံလုံလောက်လောက် ရရှိနိုင်မှသာလျှင် မတူပီခရိုင်သည်လည်း အေးချမ်းလှပသည့် နေချင်စဖွယ် ခရိုင်မြို့လေး ဖြစ်လာမည်ဖြစ်သည်။ ပြည်တွင်း ပြည်ပ ခရီးသွားများ လာရောက်လည်ပတ်ရာ၌လည်း အဆင်ပြေ ချောမွေ့မည်ဖြစ်သည်။ ဒေသခံပြည်သူလူထုများလည်း မတူပီခရိုင်ဟူသည့် တိုးတက်ပြောင်းလဲမှုအရသာကို အပြည့်အ၀ခံစားနိုင်မည်ဖြစ်ကြောင်း။ ။

ကြေးမုံ