နေပြည်တော် ၉ ဇန်နဝါရီ

 

နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် အေးမြသာယာကျောင်းတိုက်ဝန်းအတွင်းရှိ ပြည်လုံးချမ်းသာ ဆုတောင်းပြည့်စေတီတော် ဉာဏ်တော်မြှင့်တင်ခြင်းနှင့် ရင်ပြင်တိုးချဲ့ခြင်းအတွက် အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါစေတီတော်ပရဝဏ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် အေးမြသာယာကျောင်းတိုက်ဆရာတော် ဦးဇောတိက အမှူးပြုသော ဆရာတော်သံဃာတော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက သတ်မှတ်နေရာများတွင် အုတ်မြစ်ချပေးကြသည်။

 

ထို့နောက် ဧည့်ပရိသတ်များက ဆရာတော်သံဃာတော်များထံမှ အနုမောဒန တရားနာယူကြပြီး ရေစက်သွန်းလောင်း အမျှပေးဝေကြကာ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

 

ပြည်လုံးချမ်းသာ ဆုတောင်းပြည့်စေတီကို ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် ရေပန်းဥယျာဉ်အနီးရှိ အေးမြသာယာကျောင်းတိုက်ဝန်းအတွင်း၌ တည်ထားကိုးကွယ်လျက်ရှိပြီး ယခင်စေတီငယ်အား ဉာဏ်တော်(၃၇)ပေနှင့် ရင်ပြင်အကျယ် (၂၄)ပေအဖြစ် တိုးချဲ့၍ ပြန်လည်မွမ်းမံ တည်ထားကိုးကွယ်မည်ဖြစ်သည်။

 

စေတီတော် ဉာဏ်တော်မြှင့်တင်ခြင်းနှင့် ရင်ပြင်တိုးချဲ့ခြင်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်လျက်ရှိပြီး ခန့်မှန်းကုန်ကျငွေမှာ ငွေကျပ်သိန်း (၃၃၀)ခန့်ဖြစ်ကာ ပါဝင်လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် စေတီတော်ပြုပြင် မွမ်းမံရေးအကျိုးဆောင်အဖွဲ့ ဖုန်းနံပါတ် ဝ၉-၄၃၀၃၆၂၅၈၊ ဝ၉-၂၅၀ဝ၉၀၅၂၀ နှင့် ဝ၉-၉၇၉၈၅၃၂၂၇ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်စိန်ကပြောသည်။

 

သတင်းစဉ်