အေးသောရာသီတွင် ရေနွေးချိုးခြင်း အကျိုးအပြစ်

ရေချိုးခြင်းသည် စင်ကြယ်၏။ အသက်ကို ရှည်စေတတ်၏။ ပင်ပန်းခြင်း၊ ချွေး၊ အညစ်အကြေးတို့ကို ပယ်နိုင်၏။ အားကို ဖြစ်စေတတ်၏။ သြဇာကို လွန်စွာဖြစ်စေတတ်၏။

 

ရေနွေးဖြင့် ဦးခေါင်းကို ဆေးလျှော်ခြင်းသည် အားကို ဖြစ်စေတတ်၏။ ဆံပင်၊ မျက်စိနှင့် မသင့်။ (ရေနွေးဖြင့် ရေချိုး ခြင်း၊ ခေါင်းလျှော်ခြင်းသည် ကိုယ်စင်ကြယ်ခြင်းမျှသာဖြစ် သည်။ ဆိုခဲ့ပြီးသော ရေချိုးခြင်း၏ အကျိုးအပြစ်မရှိပြီ)
ဦးခေါင်းဆေးလျှော်၍ ရေချိုးခြင်းသည် ရေငတ်ခြင်း၊ အာစောက်၊ ပါးစပ်ခြောက်ခြင်းတို့ကို နိုင်၏။ အညစ်အကြေးကို စင်ကြယ်စေတတ်၏။ ကိုယ်၏ပူအိုက်ခြင်း၊ ဝက်ခြံ၊ ယားနာ၊ သည်းခြေကြောင့်ဖြစ်သော ဦးခေါင်းနာတို့ကို နိုင်၏။

 

လေ၊ သလိပ်နာရှိသောသူသည် ရေအေးမချိုးကောင်း၊ စဉ်းငယ်နွေးသော ရေနွေးကိုသာ ချိုးရမည်။ သွေးနာ၊ သည်း ခြေနာရှိသော လူသည်လည်း ရေနွေးမချိုးကောင်း၊ ရေအေး ကိုသာ ချိုးရမည်။

 

(ယောအတွင်းဝန်ဦးဖိုးလှိုင် ဥတုဘောဇနသင်္ဂဟကျမ်း ရေတို့၏ဂုဏ်ကိုပြခြင်းမှ)

ထို့အပြင် မျက်နှာပါးစပ်ရွဲ့သောသူ၊ လေနာရှိသောသူ၊ မျက်စိနာရှိသောသူ၊ ခံတွင်းနာရှိသောသူ၊ ဝမ်းရောင်သောသူ၊ နှာစေးသောသူ၊ အစာမကြေသောသူ၊ အစာစားပြီးနောက် စားသော အစာမကြေသောသူတို့သည် ရေမချိုးအပ်ကုန်ဟု လည်း နောက်ဆက်တွဲဖော်ပြထားသည်ကိုလေ့လာတွေ့ရှိရသည်။

 

ရေနွေးချိုးခြင်း၏အပြစ်

 

လက်တွေ့တွင် စာရေးသူကိုယ်တိုင် အေးသောဆောင်း တွင်းတွင် နံနက်စောစော လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ပြီး ရေအေးမချိုးနိုင်ပါ။ ရေနွေးစပ်ပေးသည့်Heater တပ်ဆင် ထားပြီး ရေအေးပိုက်နှင့်ပေါင်းစပ်၍ အတော်အသင့်နွေးအောင် စပ်ပြီး ချိုးသည်။ တစ်ခါတစ်ရံ ရေနွေးအစပ်များသွားလျှင် ခန္ဓာကိုယ်ထဲမှ အပူမထွက်သည့်အပြင် တစ်နေကုန်ညောင်း ညာပြီး နေမကောင်းဖြစ်သည်။ မျက်စိလည်း ကြည့်မကောင်း၊ မျက်မှန်တွင် အခိုးများရိုက်နေသကဲ့သို့ ခံစားရသည်။

 

ထို့ကြောင့် ရေနွေးကိုလျှော့ပြီး ရေအေးကို ပို၍ချိုးသော အခါ အဆင်ပြေသည်။ ရေနွေးများလျှင် ဆံပင်ခြောက်ခြင်း၊ ကြမ်းခြင်း၊ ငယ်ထိပ်မှဆံပင်များကျွတ်ခြင်းကို လက်တွေ့ခံစား ရသဖြင့် ရေနွေးများများစပ်၍ချိုးခြင်းမှာ မကောင်းပါ။

 

နောက်တစ်နည်းမှာ မိတ်ဆွေတစ်ဦးကအကြံပေးသဖြင့် စမ်းသပ်ကြည့်သောအခါ ပို၍အဆင်ပြေသည်၊ အညောင်း အညာကင်းသည်ကို တွေ့ရသည်။ ရေနွေးစပ်သောရေကို အရင်ချိုးသည်။ ဆပ်ပြာတိုက်၊ ကြေးတွန်း၊ ရှန်ပူဖြင့်ခေါင်း လျှော်ပြီးလျှင် ရေနွေးချိုးခြင်းကိုရပ်ပြီး ပုံးဖြင့်ထည့်ထားသော ရေအေးကို ဒူးမှ အောက်ပိုင်း သုံးခွက်ခန့်လောင်းချသည်။ ထို့နောက် ပေါင်လယ်ခန့်မှ အောက်သို့ သုံးခွက်ခန့််လောင်းချ သည်။ တဖြည်းဖြည်း အပေါ်သို့တက်လောင်းပြီး ရေအေးသုံး ခွက်ခန့်ခေါင်းမှ လောင်းချသောအခါ ရှိန်းခနဲဖြစ်ပြီး အခိုး အငွေ့များထွက်လာသည်။ ရေအေးကြောင့် အခိုးအငွေ့များ ထွက်သွားပြီးသောအခါ မချမ်းတော့ဘဲ တစ်ကိုယ်လုံးပူနွေး လာသည်ကို ထူးဆန်းစွာ တွေ့ရှိခံစားရသည်။

 

ထို့ကြောင့် မိုးတွင်း၊ ဆောင်းတွင်း အေးချမ်းသောအခါတွင် လူလတ်၊ လူကြီးများ ရေနွေးစပ်ပြီးရေချိုးခြင်းမှာ မမှားပါ။ သို့သော် ရေနွေးချိုးပြီး အပူမငုပ်စေရန်၊ ငုပ်သွားသောအပူများ ပြန်ထွက်စေရန်အတွက် ဒူးအောက်မှစပြီး အထက်သို့ တစ် ဆင့်ပြီးတစ်ဆင့် တဖြည်းဖြည်း ရေအေးချိုး၍ အဆုံးသတ် ခြင်းက ပို၍ကောင်းမွန်ပြီး ကျန်းမာရေးနှင့်လည်း ညီညွတ်စေ နိုင်ကြောင်း တင်ပြလိုသည်။

 

မိတ်ဆွေတစ်ဦး၏ ရေနွေးချိုးနည်း

 

ရေနွေး၊ ရေအေး ချိုးခြင်းနှင့်ပတ်သက်၍ စကားစပ်မိ ကြရာ စာရေးသူက ရေနွေးချိုးပြီးမှ နောက်ဆုံးတွင် ရေအေးကို ၃-၄ ခွက်ချိုးလိုက်ရာ အခိုးများပွင့်သွားသည်ဟု မိမိလုပ်နေ ကျနည်းကို ပြောသည်။ ကျန်းမာရေးစကားဝိုင်းတွင် ပါဝင်သူ များကလည်း သူတို့ကိုယ်တွေ့များပြောကြရာ မိမိနှင့်တူသူများ လည်း ရှိသည်။

 

ထိုအထဲတွင် ထူးခြားသည်မှာ စာရေးသူ၏မိတ်ဆွေ စာရေးဆရာတစ်ဦး ပြောပြသည့် သူ့အကြိုက်ကိုယ်တွေ့ ရေချိုး နည်းမှာ ''ကျွန်တော်ကတော့ ဆရာတို့နဲ့မတူဘူး၊ ရေနွေးစပ် ထားတဲ့ရေကို အရင်ချိုးတယ်ဆိုရင် အခိုးငုပ်သွားမှာပဲလို့ ယူဆ တယ်၊ ဒါကြောင့် ရေကန်နားသွားပြီး ဒူးကစအောက်ပိုင်း ရေလောင်းတယ်၊ ခါးအောက်ပိုင်းလောင်းပြီးမှ တဖြည်းဖြည်း အပေါ်တက်လောင်းချိုးတယ်၊ ရေအေးပဲချိုးတယ်၊ ပြီးတော့မှ နောက်ဆုံးမှာ ရေနွေးစပ်ထားတဲ့ရေကို ချိုးတယ်၊ အဲဒီအခါ အခိုးလည်းထွက်ပြီးပြီဆိုတော့ ရေနွေးစပ်ထားတဲ့ရေကို ချိုးလိုက်ရတာ ဝမ်းထဲနွေးသွားသလို ခံစားရတယ်၊ ကျွန်တော့် နည်းက ရေအေးချိုးပြီးမှ ရေနွေးချိုးတယ်''ဟု ပြောပါသည်။ သူ့နည်းနှင့်သူ ကောင်းသည်ဟုပင် ဆိုချင်ပါသည်။

 

နှာစေးရောဂါသတိပြုစရာ

 

နှာစေးခြင်းသည် ကိုယ်တွင်းအပူငုပ်သည့်လက္ခဏာဖြစ် သည်။ ရှေးဆရာကြီးများက အပြင်မှအအေးတို့ တပ်ဖွဲ့ပြီး ပိတ်ဆို့ထားသဖြင့် ထွက်ပေါက်မရှိဘဲ အပူအကျဉ်းကျရောဂါ ဖြစ်ရသည်ဟု ဆိုသည်။ မွေးညင်းပေါက်တို့မှ အခိုးအကင်း တို့သည် ချွေးအဖြစ်ထွက်မကျရသောအခါ နှာရည်ယိုခြင်းဖြင့် ထွက်ပေါက်ရှာရသည်ဟု အဆိုရှိသည်။ နှာရည်ကျခြင်းသည် ကိုယ်တွင်းအပူများခြင်းကြောင့် ဖြစ်သည်။

ညနေစောင်းအလုပ်မှအပြန်တွင် ရေချိုးလေ့ရှိသူများသည် ဆောင်းဥတုတွင် နှာစေးပြီး ခေါင်းကိုက်ရောဂါရလေ့ရှိသည်ကို တွေ့ရသည်။ နှာစေး၊ နှာရည်ယိုခြင်း ရုတ်တရက်ရပ်သွားပြီး နှာခေါင်းပိတ်သွားလျှင် ထိပ်ကပ်နာဖြစ်တတ်သည်။ ထိပ်ကပ် နာသည် နှာခေါင်းအတွင်း နှာရိုးမှ အရွတ်တုံးလေးရောင် သောကြောင့် ဖြစ်လေ့ရှိသည်။ ထို့ကြောင့် အလွန်အေးသော အရပ်ဒေသများတွင် ရေနွေးဖြင့် ရေကိုစပ်၍ ချိုးရသည်။ ရေချိုး ပြီး အအေးမိသည်ထင်လျှင် ပရုတ်ဆီကို ကြွေပန်းကန်လုံးတွင် သုတ်လိမ်းပြီး ရေနွေးအဖြူလောင်းထည့်ကာ ထွက်လာသော ရေနွေးငွေ့ကို ရှူပေးခြင်းဖြင့် ထိပ်ကပ်နာဖြစ်ခြင်းမှ ကာကွယ် နိုင်သည်။

 

ခန္ဓာကိုယ်အတွင်း အပူအကျဉ်းကျသောအခါ နှာခေါင်းမှ နှာရည်ယိုသည့်အပြင် ငယ်ထိပ်ထွက်ပေါက်မှလည်း အပူငွေ့ များထွက်တတ်သည်။ အချို့လူကြီးများတွင် ဆောင်းတွင်း ရောက်မှ ခေါင်းချွေးများပြန်ပြီး အမြဲတဘက်ပဝါဖြင့် သုတ် နေရသည်ကို တွေ့ရသည်။ ခေါင်းချွေးပြန်ရပ်သွားလျှင် နှာစေး နှာရည်ယိုဖြစ်ပြီး ခေါင်းကိုက်လာတတ်သည်။ ထိုရောဂါအတွက် ညအိပ်ရာဝင်ချိန်တိုင်းတွင် ဦးခေါင်းငယ်ထိပ်ကို အုန်းဆီစစ်စစ် လိမ်းပြီးအိပ်ခြင်းဖြင့် ကာကွယ်နိုင်သည်။အုန်းဆီသည် ငယ်ထိပ် မှထွက်လာသော အခိုးကို ဖမ်းယူနိုင်ပြီး ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းကို ကာကွယ်ပေးနိုင်သည်။

 

အအေးမိကာကွယ်သော ဆေးနည်း

 

ချင်းတက်ကို ပါးပါးလှီးပါ။ မတ်ခွက်တစ်လုံးတွင်ထည့်ပါ။ ရေနွေးဆူဆူလောင်းထည့်ပြီး အုပ်ထားပါ။ ခဏကြာလျှင် မျက်နှာနှင့် ရေနွေးငွေ့ကို ငုံ့ပြီးရှူပါ။ ထိုရေနွေးကို အကြမ်းပန်း ကန်တစ်လုံးနှင့်ငှဲ့ပြီး သောက်လည်းသောက်ပါ။ ချင်းပြုတ်ရည် သောက်သည့် သဘောဖြစ်သည်။ အလွယ်ကူဆုံးနည်းဖြစ်ပြီး ခန္ဓာကိုယ်ပူနွေးလာစေသည်။ လတ်တလောအအေးမိခြင်းကို ကာကွယ်နိုင်သည်။

 

ကြက်သွန်ဖြူသည် အအေးပပ်ခြင်းအတွက် အလွန် ဆေးစွမ်းထက်သည်။ ကြက်သွန်ဖြူကို နေ့စဉ်တစ်ဥအခွံခွာပြီး လတ်လတ်ဆတ်ဆတ် စားသုံးပေးခြင်းဖြင့် အအေးပပ်ခြင်း၊ အဖျားပိုးကူးစက်ခြင်းများကို ကာကွယ်နိုင်သည်။ အချို့မှာ ကြက်သွန်ဖြူကို အစိမ်းမစားနိုင်သဖြင့် မီးဖုတ်ပြီး စားကြသည်။ ကြက်သွန်ဖြူမီးဖုတ်စားခြင်းကြောင့် ခံတွင်းအနံ့ဆိုးမည်ကို ကြောက်သူများပါ စားနိုင်လာသည်။ အနောက်တိုင်းတွင် ကြက်သွန်ဖြူကို အဆီထုတ်၍ အအေးမိကာကွယ်ဆေး အဖြစ် သုံးစွဲကြသည်။ မကောင်းသောအဆီ(LDL Cholesterolကျသဖြင့် အဆီကျဆေးအဖြစ်သုံးစွဲသူများလည်း ရှိကြသည်။ လေသက်၍အဆီကျသဖြင့် ကြက်သွန်ဖြူ ပုံမှန်စားသုံးပေးလျှင် ဝမ်းဗိုက်အခေါက်ထူသောအဆီကို ကျစေနိုင်သည်။ လေသက် ၍လည်း ဗိုက်ချပ်စေနိုင်သည်။

တစ်နည်း။ ။ ကြက်သွန်ဖြူ/ နီ ကို ဓားပြားရိုက်ပြီး ချင်း အနည်းငယ်နှင့်ရော၊ ဟင်းသောက်ပန်းကန်လုံးတစ်ခုတွင် ထည့်၊ ရှောက်ရွက်အနည်းငယ်ထည့်ပြီးလျှင် ရေနွေးဆူဆူထည့်၊ ဆားအနည်းငယ်နှင့် ငါးငံပြာရည်အချို အနည်းငယ်ထည့် အုပ်ထားပါ။ ရှောက်ရွက်ဟင်းချိုဖြစ်သည်။ ရှောက်ရွက်သည် သွေးတိုးကိုကျစေသည်။ ရှောက်ရွက်ဟင်းချိုသည် အိမ်ရှင်မ များအတွက် အချိန်မကုန်ဘဲ လွယ်ကူစွာပြုလုပ်နိုင်သော ဟင်းချိုဖြစ်သည်။

 

ရေနွေးချိုး၍ မျက်စိအခိုးထွက်လျှင်

 

အချို့သူများ ရေနွေးကိုရေအေးဖြင့်စပ်ပြီး နေ့စဉ်ချိုးခြင်း ကြောင့် မျက်စိသို့အခိုးတက်ပြီး ကြည့်မကောင်းဖြစ်တတ်ကြ သည်။ မျက်ဝတ်ထွက်ခြင်း၊ မျက်စိထောင့်နီရဲခြင်း၊ အမြင် ဝေဝါး ခြင်း၊ မကြည်လင်ခြင်း ဖြစ်တတ်သည်။ ထိုသို့ဖြစ်လျှင် စိတ်ပူပန် ရန်မလိုပါ။ ဖြေရှင်းနိုင်သည့် နည်းလမ်းများရှိသည်။

 

၁။ ညအိပ်ရာမဝင်မီ ခြေဖဝါးကို ဆားပွတ်ပါ။ ထို့နောက် ဒူးအထက် ပေါင်လယ်မှစပြီး အောက်သို့ ရေအေး လောင်းပြီး ခြေဆေးပါ။ ထိုသို့ ညစဉ်ပြုလုပ်လျှင် မျက်စိ ကြည်သည့်အပြင် ခေါင်းကိုက်ခြင်းဝေဒနာများပါ သက် သာနိုင်သည်။
၂။ ဆားရည်ကို အကြည်ရေယူပြီး မျက်စိအတွင်းသို့ မျက် စဉ်းခတ်ပေးနိုင်သည်။
၃။ ကျားမနိုင်နွယ်မြစ်ကို ကျောက်ပြင်တွင်သွေးပြီး မျက်စိ ကွင်းပေးခြင်းအားဖြင့် မျက်စိအခိုးရိုက်ခြင်းကို သက် သာစေနိုင်သည်။
၄။ မန်ကျည်းပနီခေါက်ကိုသွေးပြီး မျက်စိကွင်းပေးလျှင် မျက်စိနီ၊ မျက်စိနာ သက်သာစေနိုင်သည်။
၅။ စံပယ်ပွင့်ကို ရေတစ်ဖန်ခွက်တွင် တစ်ညသိပ်စိမ်ထားပြီး နံနက်အိပ်ရာထတွင် ထိုရေဖြင့် မျက်စဉ်းခတ်ပေးလျှင် မျက်ဝတ်ထွက်ခြင်း၊ မျက်စိအခိုးတက်ခြင်း သက်သာ စေနိုင်သည်။
ရေနွေးချိုးခြင်းသည် ကျန်းမာရေးအတွက် အထောက် အကူဖြစ်ပြီး အကျိုးအပြင် အပြစ်လည်းရှိပါသည်။ သို့သော် အေးချမ်းသောဆောင်းရာသီတွင် လူကြီးများအဖို့ ရေအေး ချိုးရန် မဖြစ်နိုင်သဖြင့် ရေနွေးစပ်ချိုးပြီး ဖြစ်လာမည့် မျက်စိ ဝေခြင်း၊ အသားပပ်ခြင်း၊ ခေါင်းအုံခြင်း အပြစ်များအတွက်လည်း ကာကွယ်နိုင်သည့် နည်းလမ်းများကို တင်ပြလိုက်ပါသည်။
ကျန်းမာခြင်းသုခနှင့် ပြည့်စုံကြပါစေ။ ။

 

ကြည်လွင်မြင့် (မုဒြာ)