၂၁ ဇန်နဝါရီ

၂၀၂၀ AFC Cup ပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် ဘရူနိုင်းကလပ် အင်ဒရာအသင်းနှင့် မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းက ဘရူနိုင်းနိုင်ငံ၌ ကျင်းပသည်။

 

950+

 

ရန်ကုန်အသင်းနည်းပြချုပ် ဦးတင်မောင်ထွန်းက ''ခြေစစ်ပွဲကစားရမယ့် အင်ဒရာအသင်းနဲ့ ပတ်သက်ပြီး လေ့လာထားပါတယ်။ ကစားသမားကောင်းတွေ ပါဝင်တဲ့အတွက် လျော့မတွက်ဘဲ အကောင်းဆုံးယှဉ်ပြိုင်မှာပါ။ ကျွန်တော်တို့အသင်းကိုလည်း အကောင်းဆုံးပြင်ဆင်ထားပါတယ်။ ဒီရာသီအစမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ သုံးပွဲက လိုအပ်ချက်၊ အားနည်းချက်တွေကို ပြန်ပြင်ဆင်ထားပါတယ်။ ကစားသမားတချို့ဒဏ်ရာနဲ့ ပွဲပယ်ပြဿနာတွေရှိနေပေမယ့် အကောင်းဆုံးယှဉ်ပြိုင်မှာပါ။ နှစ်ကျော့ ကစားရမှာဖြစ်တဲ့အပြင် ပထမအကျော့ကို အဝေးကွင်းမှာ ကစားရမှာဖြစ်တာကြောင့် ကျွန်တော်တို့အတွက် အခွင့်အရေးပိုရှိပြီး အကောင်းဆုံးအသုံးချသွားမှာပါ''ဟု ပြောကြားသည်။

အင်ဒရာအသင်း နည်းပြချုပ် အမီရာလာနီက ''ကျွန်တော်တို့အသင်းအတွက် AFC Cup ပြိုင်ပွဲမှာ ပထမဆုံး ယှဉ်ပြိုင်ခွင့်ရတာ ဖြစ်ပါတယ်။ ဘရူနိုင်းဘောလုံးလောကအတွက်လည်း သမိုင်းတစ်ခုဖြစ်ပါတယ်။ ဒီပွဲမှာ ရလဒ်ကောင်းဖို့ ရာနှုန်းပြည့် ပြင်ဆင်ထားပါတယ်''ဟု ပြောကြားသည်။

အင်ဒရာအသင်းနှင့် ရန်ကုန်အသင်းတို့သည် ဇန်နဝါရီ ၂၂ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ဘရူနိုင်းနိုင်ငံ၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ရန်ကုန်အသင်းသည် ယင်းပွဲအတွက် ဇန်နဝါရီ ၂၁ ရက်တွင် ဘရူနိုင်းနိုင်ငံ၌ စတင်လေ့ကျင့်ခဲ့ပြီး အမာခံ ကစားသမား အများစုဖြင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ရန်ကုန်ယူနိုက်တက်