AFC Cup ပြိုင်ပွဲ အုပ်စုတတိယနေ့တွင် မြန်မာကလပ်များနှင့် ဗီယက်နမ်ကလပ်တို့ တွေ့ဆုံ

၃၁ မတ် 

 

၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုတတိယနေ့ကို ဧပြီ ၂၊ ၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ်အသင်းများဖြစ်သည့် ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းသည် ဗီယက်နမ်ကလပ်အသင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

အုပ်စုတတိယနေ့အဖြစ် ဧပြီ ၂ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ရန်ကုန်အသင်းသည် အဝေးကွင်းပွဲအဖြစ် ဗီယက်နမ်ကလပ် ဟနွိုင်းအသင်း၊ ဧပြီ ၃ ရက် ညနေ ၃ နာရီခွဲတွင် ရှမ်းယူနိုက်တက်အသင်းသည် အိမ်ကွင်းပွဲအဖြစ် ဗီယက်နမ်ကလပ် ဘင်ဒေါင်းအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာကလပ်နှစ်သင်းစလုံးသည် အုပ်စုနှစ်ပွဲစလုံး ရှုံးပွဲကြုံတွေ့ထားသောကြောင့် ယခုပွဲမှာ အရေးပါနေပြီး ရလဒ်ကောင်းရယူနိုင်မှသာနောက်တစ်ဆင့်တက်ရောက်နိုင်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပထမပွဲတွင် ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းကို အဝေးကွင်း၌ သုံးဂိုး-နှစ်ဂိုး၊ ဒုတိယပွဲတွင် အင်ဒိုနီးရှားကလပ် ပါဆီဂျာဂျကာတာအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ ပါဆီဂျာအသင်းကို ရှုံးနိမ့်သည့်ပွဲအပြီးတွင် ရှမ်းယူနိုက်တက်အသင်းသည် နည်းပြအပြောင်းအလဲပြုလုပ်ခဲ့ပြီး နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ထားသည့် ဦးအောင်နိုင်ကိုနည်းပြချုပ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပြီး ပထမဆုံးပွဲဖြစ်သည့် MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၆) တွင် ဇွဲကပင်အသင်းကို လေးဂိုးပြတ် အနိုင်ရထားသည်။ 

 

ရှမ်းအသင်းပါဝင်သော အုပ်စု (G) တွင် ဆီရက်စ် (ဖိလစ်ပိုင်) ကခြောက်မှတ်၊ ပါဆီဂျာ (အင်ဒိုနီးရှား) က လေးမှတ်၊ ဘင်ဒေါင်း (ဗီယက်နမ်) က တစ်မှတ်ရထားပြီး ရှမ်းယူနိုက်တက် (မြန်မာ) က နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ ရန်ကုန်အသင်းသည် ပထမပွဲတွင် စင်ကာပူကလပ်တမ်ပနိစ်ရိုဗာအသင်းကို အိမ်ကွင်း၌ သုံးဂိုး-တစ်ဂိုး၊ ဒုတိယပွဲတွင် ကမ္ဘောဒီးယားကလပ် နာဂါဝေါအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ အုပ်စု (F) တွင် ဟနွိုင်း (ဗီယက်နမ်) နှင့် တမ်ပနိစ်ရိုဗာ (စင်ကာပူ) တို့ကလေးမှတ်စီ၊ နာဂါဝေါ (ကမ္ဘောဒီးယား) က သုံးမှတ်ရထားပြီး ရန်ကုန်အသင်းမှာ အမှတ်မရသေးပေ။ ပြီးခဲ့သည့်ရာသီတွင် အာဆီယံဇုန် ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့သည့် ရန်ကုန်အသင်းသည် ယခုနှစ်တွင်ရုန်းကန်နေရပြီး ဟနွိုင်းအသင်းနှင့် နှစ်ကျော့မှာ အရေးပါလျက်ရှိသည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်

 

DSC_19