၂၉ ဇန်နဝါရီ

၂၀၂၀ ရာသီ AFC Cup အာဆီယံဇုန် ခြေစစ်ပွဲ ဒုတိယအကျော့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် ဘရူနိုင်းကလပ် အင်ဒရာအသင်းကို အိမ်ကွင်း၌ သုံးဂိုး-တစ်ဂိုးဖြင့် ထပ်မံအနိုင်ယူပြီး ခြေစစ်ပွဲအောင်မြင်ခဲ့သည်။

ပထမအကျော့ အဝေးကွင်းပွဲတွင် ဂိုးပြတ်အနိုင်ရထားသည့် ရန်ကုန်အသင်းသည် ယခုပွဲတွင်လည်း နိုင်ပွဲထပ်မံရယူကာ နှစ်ကျော့စလုံးအနိုင်ရသည့် မှတ်တမ်းဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့သည်။ ရန်ကုန်အသင်းသည် နိုင်ငံခြားသား ကစားသမား လေးဦးအပါအဝင် လူစုံအသုံးပြုခဲ့ပြီး ပထမပိုင်းသရေရလဒ်ကြောင့် အနည်းငယ် ရုန်းကန်ခဲ့ရသော်လည်း ဒုတိယပိုင်း သွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်အသင်းသည် AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင် ခုနစ်ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ ရန်ကုန်အသင်းသည် နိုင်ငံခြားသား တိုက်စစ်မှူးနှစ်ဦးဖြစ်သည့် အီမန်နျူရယ်နှင့် ဘာဖိုတို့အတွဲကို တပြိုင်တည်းအသုံးပြုခဲ့ပြီး ကျော်ဇင်ထက်၊ မောင်မောင်လွင်၊ မောင်မောင်ဝင်းတို့ဖြင့် ပွဲထွက်ခဲ့သည်။

ရန်ကုန်အသင်းသည် ပွဲစကတည်းက ဖိကစားနိုင်သော်လည်း အဆုံးသတ်အားနည်းမှုကြောင့် ပထမပိုင်းတွင် တစ်ဂိုးသာရသောကြောင့် အင်ဒရာအသင်း၏ ချေပဂိုးသွင်းယူမှုကိုခံခဲ့ကာ အနိုင်ရရန် အားကုန်ထုတ်ကစားခဲ့ရသည်။ 

ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို ၁၃ မိနစ်တွင် ကောင်းထက်စိုးက သွင်းယူခဲ့ပြီး အင်ဒရာအသင်းအတွက် ချေပဂိုးကို ၃၅ မိနစ်တွင် တိုဆီက ပယ်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သည်။ ပထမပိုင်းတွင် သရေသာကစားနိုင်ခဲ့သည့် ရန်ကုန်အသင်းသည် ဒုတိယပိုင်းတွင် အနိုင်ဂိုးရယူနိုင်ရန် ကြိုးပမ်းခဲ့ပြီး ၆၃ မိနစ်တွင် တိုက်စစ်မှူး အီမန်နျူရယ်က ဒုတိယဂိုးသွင်းယူခဲ့သည်။ ယင်းဂိုးရပြီးနောက်ပိုင်းတွင် ရန်ကုန်အသင်းက ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့ပြီး ၇၇ မိနစ်တွင် လူစားဝင်တိုက်စစ်မှူး သန်းပိုင်က တတိယဂိုးသွင်းယူခဲ့သည်။

ရန်ကုန်အသင်းသည် ပထမအကျော့က ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရထားရာ နှစ်ကျော့ပေါင်းရလဒ် ကိုးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရပြီး ခြေစစ်ပွဲအောင်မြင်ခဲ့သည်။ ရန်ကုန်အသင်းသည် အာဆီယံဇုန် အုပ်စု(F)တွင် ဟိုချီမင်းစီးတီး (ဗီယက်နမ်)၊ ဟောင်အန်ယူနိုက်တက် (စင်ကာပူ)၊ လာအိုတိုယိုတာ (လာအို)တို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်