AFF Cup ပြိုင်ပွဲ ဗိုလ်လုပွဲ ပထမအကျော့ ယှဉ်ပြိုင်ကစားမည်

ဇန်နဝါရီ ၁၂

၂၀၂၂ AFF Cup ပြိုင်ပွဲ ဗိုလ်လုပွဲ ပထမအကျော့ကို ဇန်နဝါရီ ၁၃ ရက်  မြန်မာစံတော်ချိန် ည ၇ နာရီတွင် ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်အသင်းနှင့် ထိုင်းအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ပြိုင်ပွဲကျင်းပသည့်ပုံစံအရ ဗိုလ်လုပွဲကိုလည်း နှစ်ကျော့စနစ်ဖြင့်ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်အသင်းက အိမ်ကွင်း စတင်ကစားရခြင်းဖြစ်သည်။ ဗိုလ်လုပွဲ ပထမအကျော့ကို ဇန်နဝါရီ ၁၃ ရက်တွင် ဗီယက်နမ်နိုင်ငံ၊ ဒုတိယအကျော့ကို ဇန်နဝါရီ ၁၆ ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ ဗီယက်နမ်အသင်းနှင့် ထိုင်းအသင်းသည် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲအဆင့်တွင် ဒုတိယအကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် တွေ့ဆုံပြီးနောက်ပိုင်း ၁၄ နှစ်ဝန်းကျင်အကြာမှ တစ်ကျော့ပြန်တွေ့ဆုံခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ဗီယက်နမ်အသင်းက နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ယခုပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်လာသည့် နှစ်သင်းစလုံး ချန်ပီယံဆုရရန် ရေပန်းအစားဆုံးအသင်းများဖြစ်ပြီး ယခုတွေ့ဆုံမှုမှာ ပြိုင်ဆိုင်မှုပြင်းထန်ဖွယ်ရှိနေသည်။ 
ဗီယက်နမ်အသင်းသည် ယခုပြိုင်ပွဲတွင် ရှုံးပွဲမရှိ၊ ပေးဂိုးမရှိဘဲ စံချိန်ကောင်းပိုင်ဆိုင်ထားသည့်အသင်းဖြစ်ပြီး လက်ရှိချန်ပီယံထိုင်းအသင်းမှာမူ အမာခံကစားသမားအချို့ ပါဝင်လာခြင်းမရှိသော်လည်း ခြေစွမ်းပိုင်းအရ ထိပ်တန်းအဆင့်ရှိနေဆဲဖြစ်သည်။

ပြိုင်ပွဲသမိုင်းတစ်လျှောက် ထိုင်းအသင်းက ချန်ပီယံဆု ခြောက်ကြိမ်၊ ဗီယက်နမ်အသင်းက ချန်ပီယံဆု နှစ်ကြိမ် ရရှိထားသည်။

သတင်း-ကိုညီလေး
ဓာတ်ပုံ-AFF