နေပြည်တော်၊ ဒီဇင်ဘာ ၂
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အဂတိ လိုက်စားမှုနှင့်ပတ်သက်၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ် ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကို ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်းနှင့်အလယ်တန်း) အဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီ အစဉ်(ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာနှင့် ပညာပေး(Edu-tainment) အစီအစဉ်ပါ အကြောင်းအရာ များကို ဖော်ပြဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ကျောင်းတွင် မူလတန်း အလယ်တန်း ကျောင်းသား၊ ကျောင်းသူ(၂၀၀) တက်ရောက်ခဲ့ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုးလင်းနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါကြီးကြပ်စစ်ဆေးပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာသိမှတ်ဖွယ်ရာ စာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး အမှတ်တံဆိပ်ပါလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၊ မော်လမြိုင်မြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၊ တောင်ကြီးမြို့၊ အမှတ် (၁၁) အခြေခံ ပညာအထက်တန်းကျောင်းနှင့် ရန်ကုန်မြို့၊ အလုံမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း တို့တွင်လည်း ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edu-tainment) အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)