နေပြည်တော် ၁၅ မေ
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အကြောင်း သိကောင်းစရာ ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၉) သီရိရတနာခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့် က အဂတိ လိုက်စားမှုတားမြစ်ရေးအက်ဥပဒေကို မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် ကတည်းက ပြဋ္ဌန်းထားခဲ့ပါကြောင်း၊ အဂတိလိုက်စားမှုတားမြစ်ရေးအက်ဥပဒေ အခြေခံမူအဖြစ် ဖြောင့်မတ်တည်ကြည်မှု၊ လွတ်လပ်စွာရပ်တည်နိုင်မှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု၊ မျှတမှု၊ အားလုံး ပါဝင်နိုင်မှုတို့ဖြင့် ထည့်သွင်းထားပါကြောင်း၊
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၁၇ ခုနှစ် တွင် တတိယအကြိမ်၊ ၂၀၁၈ ခုနှစ်တွင် စတုတ္ထအကြိမ် ပြင်ဆင်ခဲ့ပါကြောင်း၊ ဥပဒေ၏ ပုဒ်မ ၃ တွင် မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တံစိုးလက်ဆောင်ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန် အားထုတ်ခြင်းကို ပြဋ္ဌာန်းထားပါကြောင်း၊
နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးအောင်ပြုလုပ်ခြင်းလည်း ပါဝင်ကြောင်း၊ ကျော်စောသတင်း ဆိုသည်မှာ ဝန်ထမ်းများ သိရှိစေရန် ရှင်းပြမည်ဖြစ်ကြောင်း၊ အများပြည်သူအတွင်း ပျံ့နှံ့နေသော သတင်းတစ်ရပ်ရပ်တွင် သူတစ်ဦးဦးသည် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ဤဥပဒေအရ ပြစ်မှုကျူးလွန်မှုရှိကြောင်း သင်္ကာမကင်းဖွယ်ရာ ဖြစ်ခြင်းအတွက် ခိုင်လုံသည့် အထောက်အထားရှိနိုင်သည် ဟု ကော်မရှင်က ယုံကြည်ရန်အကြောင်း ပေါ်ပေါက်သော သတင်းကိုဆိုလိုပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များနှင့် ပြည်ထောင်စုဝန်ကြီးရုံးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးများတွင် တားဆီး ကာကွယ်ရေးအဖွဲ့ (CPU) များ ဖွဲ့စည်းထားရှိနိုင်သည့် အစီအစဉ်၊ မူဝါဒနှင့် ရည်မှန်းချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ အုပ်ရေ(၁၀ဝ)နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကျင့်ဝတ် အုပ်ရေ(၁၀ဝ)တို့ကို ကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွှန့်က လွှဲပြောင်းပေးအပ်ရာ အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းဦးက လက်ခံရယူသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးရုံး၊ သစ်တောဦးစီးဌာန၊ မြေတိုင်းဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ သတ္တုတွင်း ဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်း၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)