နေပြည်တော် မေ ၂၀

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိ ပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ပဲခူးတိုင်းဒေသကြီးသို့ လာရောက်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးသည့်အတွက် အစိုးရဌာန/ အဖွဲ့အစည်းများနှင့် တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အဂတိလိုက်စားမှု မြောက်နိုင်သည့် ကိစ္စရပ်များ၊ နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်စေသည့် အဂတိလိုက်စားမှုဟု သတ်မှတ်နိုင်သည့် ဆောင်ရွက်ချက်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာ များကို သိရှိနားလည်ကာ ရှောင်ကြည်လာနိုင်မည် ဖြစ်ပါကြောင်း။

ယနေ့ အခမ်းအနားတွင် ခရိုင်အဆင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များပါဝင်ပြီး ဆွေးနွေးပွဲမှရရှိသည့် အသိပညာ ဗဟုသုတများကို မြို့နယ်အဆင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များသို့ ဆင့်ပွားသင်တန်းပေးရန် လိုအပ်ကြောင်း၊ ပတ်ဝန်းကျင်တွင် အဂတိလိုက်စားမှုများ တိုက်ဖျက်ရေးဆိုင်ရာ အသိပညာများ ဆက်လက်မျှဝေပေးခြင်းများ ဆောင်ရွက်သွားရန် ဖြစ်ပါ‌ကြောင်း ပြောကြားသည်။    

ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်က အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိကအဟန့် အတားတစ်ခုဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု၏ဆိုးကျိုးများကို ဖွံ့ဖြိုးဆဲနိုင်ငံများက ပိုမိုခံစားကြရပါကြောင်း၊ အဂတိလိုက်စားမှုများ ဖြစ်ပေါ်ခြင်းကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများ ထိခိုက်နစ်နာစေသည့်အပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ အကြောင်း အရာများပေါ် ဆိုးကျိုး သက်ရောက်မှုများ ဖြစ်စေနိုင်ပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာမှာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး အဂတိလိုက်စားမှုများ မဖြစ်ပေါ် စေရေးအတွက် အသိပညာပေးခြင်း၊ တားဆီးကာ ကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဟူသည့် နည်းလမ်းသုံးသွယ်ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊

ကော်မရှင်အနေဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်း သွားစေရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း ၃၈ ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခုတို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင် ဝန်ဆောင်မှုလာရောက် ရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ စာတို (Short Message Service-SMS) ပေးပို့၍ ဝန်ဆောင်မှုလုပ်ငန်း နှင့်စပ်လျဉ်းသည့် မေးခွန်းများ မေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူခြင်း ဖြစ်ပါကြောင်း၊ SMS ပေးပို့ရာ မှာလည်း Short Code “1111” အသုံးပြုပြီး ပေးပို့မေးမြန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားသည်။

ဆက်လက်၍ ကော်မရှင်ရုံးက တာဝန်ရှိသူများက အဂတိလိုက်စားမှု၏ သဘော သဘာဝများ၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) များ၊ တိုင်းဒေသ ကြီး/ ခရိုင်/မြို့နယ်အဆင့်ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်