ထားဝယ်၊ ဖေဖော်ဝါရီ ၆

 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ထားဝယ်မြို့၊   မြို့တော်ခန်းမ၌ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်းဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် သက်ဆိုင်သည့် အသိအမြင်များ တိုးပွားလာမည်ဖြစ်ကြောင်း၊  အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားခြင်းဖြင့် ပြည်သူ့ဘဏ္ဍာများကို နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေမည့်နေရာများတွင် မှန်မှန်ကန်ကန် သုံးစွဲနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ  ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုနှင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးမှ ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည် ဖော်ရာတွင် အဟန့်အတားတစ်ခုဖြစ်သည့်အတွက် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်တစ်ခုကို အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့်သာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက အဂတိလိုက်စားမှုသည်  ကမ္ဘာ့နိုင်ငံများအားလုံး ကြုံတွေ့ရသည့် ပြဿနာတစ်ခု ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူခြင်းထက်များစွာ ပိုမိုကျယ်ဝန်းပါကြောင်း၊ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအရ အဂတိလိုက်စားမှုဆိုသည်မှာ လာဘ်ပေးလာဘ်ယူခြင်းသာမက တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းသည်လည်း အဂတိလိုက်စားမှုပင် ဖြစ်သည့်အတွက် နိုင်ငံတော်၏ အကျိုးစီးပွားများ တန်ဖိုးထားမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိခိုက်စေနိုင်သည့် အဂတိလိုက်စားမှု ပုံသဏ္ဌာန်များကိုပါ ထိရောက်စွာတိုက်ဖျက်သွားရန် လိုအပ်ပါကြောင်း၊

 

ဝန်ထမ်းများသည် အစိုးရနှင့် ပြည်သူကြား ပေါင်းကူးတံတားဖြစ်သည့်အတွက် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အများပြည်သူအကျိုးစီးပွား အတွက် အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုပေးလိုသည့် စိတ်ကောင်းစေတနာ ပြည့်ဝစွာဖြင့် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဖြောင့်မတ်တည်ကြည်မှု ရှိမှသာ ပြည်သူလူထု၏ ယုံကြည်အားကိုးမှုရရှိနိုင်မှာဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် လုပ်ပိုင်ခွင့်အာဏာကို အလွှဲသုံးစားမပြုဘဲ ဘက်လိုက်မှုကင်းစွာ ဆုံးဖြတ်ဆောင်ရွက်ရန် အရေးကြီးကြောင်း ပြောကြားသည်။

 

ဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တနင်္သာရီတိုင်းဒေသကြီး အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက်ကြပြီး ယင်းဆွေးနွေးပွဲကို (၂)ရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်