နေပြည်တော် ဇူလိုင် ၂၃

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ကျင်းပသည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမည်ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် အဂတိတရားကင်းပြီး စည်းမျဉ်း/ စည်းကမ်းများ၊ လူမှုကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း။

မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) ကိုအရာထမ်း(၁၁)ဦးဖြင့် ဖွဲ့စည်းပေးထားပြီး လုပ်ငန်းတာဝန်များကို ဆောင်ရွက် လျက်ရှိကြောင်း၊ အရာထမ်း/အမှုထမ်းများအနေဖြင့် ယခုအခမ်းအနားက ရရှိမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိအမြင် ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင်  ပါဝင်ကြရန်လိုကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထု တစ်ရပ်လုံး၏ အကျိုးစီးပွားတိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားရန် ပြောကြား သည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက ကော်မရှင်၏ လုပ်ငန်းဆောင်ရွက် ချက်များနှင့်စပ်လျဉ်း၍ ပြောကြားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံးစမ်းစစ်ဆေးရေးကဏ္ဍ နှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး  ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ တားဆီးကာကွယ်ရေးကဏ္ဍ များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူ များနှင့် အရာထမ်း/ အမှုထမ်း တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)