နေပြည်တော်၊  ၂၈  ဒီဇင်ဘာ

ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင်  ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်းက ယခုလွှဲပြောင်းပေးအပ်သည့် ရည်ညွှန်းစာစောင်များသည် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာ အထက်တန်းအဆင့် ရည်ညွှန်းစာစောင်၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်တို့ဖြစ်ပြီး ကမ္ဘာတစ်လွှားမှ တက္ကသိုလ်အဆင့် ကျွမ်းကျင်ပညာရှင်များက ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လက်ရှိပကတိဖြစ်ပေါ်နေမှုများကို သုံးသပ်၍ စနစ်တကျ ရေးသားပြုစုထားသော စာစောင်များဖြစ်ကြောင်း၊ ရည်ညွှန်းစာစောင်များကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဘာသာပြန်ဆိုထားခြင်း ဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်မှစ၍ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအဆင့်အထိ တစ်နိုင်ငံလုံးသို့ လွှမ်းခြုံမှုရှိသော အုပ်ချုပ်ရေး ယန္တရားတစ်ခုဖြစ်ပြီး ဒေသန္တရအုပ်ချုပ်ရေးအတွက် လွန်စွာအရေးကြီးသည့် ဌာနကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ အဆိုပါနေရာဒေသများ၌ တာဝန်ထမ်းဆောင်လျက်ရှိသော အုပ်ချုပ်ရေးမှူးများသည် မိမိတို့၏ တာဝန်ကျရာ ဒေသအတွင်းရှိ ဌာနအဖွဲ့အစည်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရသည့် အခွင့်အလမ်းများရှိသဖြင့် ဤရည်ညွှန်းစာစောင်များကို လေ့လာဖတ်ရှုကာ ဖြောင့်မတ်တည်ကြည်မှု၊ ကိုယ်ကျင့်သိက္ခာနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ ခံယူချက်များ ပိုမိုတိုးတက် ပြန့်ပွားလာစေရေးအတွက်ဆင့်ပွားအသိ ပညာပေးဆောင်ရွက်မှုများကို လက်ဆင့်ကမ်းဖြန့်ဝေပေးနိုင်ရန် လွှဲပြောင်းပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်းက ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်ထံသို့ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင် အစုံ (၄၂၀)ကို လွှဲပြောင်းပေးအပ်သည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးတင်မြင့်က  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ရည်ရွယ်ကာ ကျောင်းသားလူငယ်များ၊ ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်း များကို စိတ်ပါဝင်စားသူများ၊ ပူးပေါင်းပါဝင်လိုသူများ လေ့လာဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ပြုစုဖြန့်ဝေသည့် ရည်ညွှန်း စာစောင်များကို မိမိတို့ဝန်ကြီးဌာနရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ လေ့လာဖတ်ရှုနိုင်ရန် လွှဲပြောင်းပေးအပ်သည့်အတွက်  ကျေးဇူးတင်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာများ ဖြန့်ဝေပေးရာတွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ မိမိတို့ဝန်ကြီးဌာနအတွက် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် လွှဲပြောင်း ပေးအပ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း  ပြောကြားသည်။

သတင်းစဉ်