နေပြည်တော် ဖေဖော်ဝါရီ ၁၁
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် သည် ယနေ့ နံနက်၉ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ဆရာ၊ ဆရာမများ၊ ပြည်နယ်ပညာရေးမှူး ၊ အထက်တန်း၊ အလယ် တန်းနှင့် မူလတန်းကျောင်းတို့မှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများနှင့် တွေဆုံသည်။
တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ က ရိုးသားဖြောင့် မတ်သည့် မျိုးဆက်သစ်ထူထောင်ရေးကို အထောက်အကူပြုရန် ရည်ရွယ်၍ အခြေခံ ပညာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) အဆင့် ဆရာကိုင်စာအုပ်များ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၁ နှင့် ၂) နှင့် ဖြောင့်မတ် တည်ကြည်မှုနှင့်ကျင့်ဝတ် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၁ ၊ ၂ နှင့် ၃) တို့ကို ဖြန့်ဝေခဲ့ပြီး ဖြစ်ကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုကို သူ့အရွယ်နှင့်သူ သင်ကြားလေ့ကျင့်ပေးခြင်းသည် နိုင်ငံတစ်နိုင်ငံ အဂတိလိုက်စားမှု ကင်းစင်စေရေး၏ အခြေခံအုတ်မြစ် ဖြစ်ကြောင်း၊ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ်များကို မူလတန်းနှင့် အလယ်တန်း အဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ဆောင်မှုတိုင်းအတွက် တာဝန်ယူမှုရှိစေရန်နှင့် ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအတွင်း အများပြည်သူဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု ဖွံ့ဖြိုးတိုးတက်လာရန် လိုအပ်ကြောင်း။
ဖြောင့်မတ်တည်ကြည်မှု ရှိသည့် အပြုအမူ၊ အနေအထိုင်၊ အပြောအဆို၊ အလုပ်အကိုင်နှင့် စဉ်းစားတွေးခေါ်မှုများကို ကျောင်းသားလူငယ်များမှစ၍ စနစ်တကျ မြှင့်တင် ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပညာရေးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဝန်ထမ်းများ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များကို ဖြောင့်မတ်တည် ကြည်မှုရှိသည့် လူ့အသိုက်အဝန်း ပေါ်ထွန်းလာရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်