နေပြည်တော် ၂ စက်တင်ဘာ 


ကိုရီးယားသမ္မတနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့အခွင့်အရေးကော်မရှင် (Anti-Corruption and Civil Rights Commission –အေစီအာရ်စီ)၏ ဖိတ်ကြားချက်အရ ကိုရီးယားနိုင်ငံတွင်  စက်တင်ဘာ ၂ ရက်မှ ၆ ရက်အထိကျင်းပမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းသို့ တက်ရောက်ရန် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်မြင့်နှင့် ကော်မရှင်ရုံးမှ အရာထမ်း(၁၄)ဦး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည်  စက်တင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့မှ ကိုရီးယားနိုင်ငံသို့ ထွက်ခွာသွားသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းအစီအစဉ်ကို အေစီအာရ်စီ၏ ရုံးစိုက်ရာ Sejong မြို့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေ းသင်တန်းကျောင်း တည်ရှိရာ Cheongju မြို့များတွင် ဆောင်ရွက်မည် ဖြစ်သည်။ 


ကိုရီးယားနိုင်ငံ အေစီအာရ်စီနှင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့အကြား ၂၀၁၈ ခုနှစ်၊ မေလက လက်မှတ်ရေးထိုး ချုပ်ဆိုထားသော နားလည်မှုစာလွှာပါ သတ်မှတ်ချက် များနှင့်အညီ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေး တိုးမြှင့်ပူးပေါင်း ဆောင်ရွက်ကြရန်အတွက် ယခုအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး သင်တန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များနှင့် အဂတိလိုက်စားမှု၏ သက်ရောက်မှုအပေါ် အကဲဖြတ်ဆန်းစစ်ခြင်း၊ သတင်းပေးတိုင်ကြားသူများအား အကာအကွယ်ပေးခြင်းနှင့် ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ အကြပ်အတည်းများအပေါ် ဆွေးနွေးခြင်း စသည့် ဘာသာရပ်များနှင့် စပ်လျဉ်း၍ ကိုရီးယားနိုင်ငံ၏ အတွေ့အကြုံနှင့် နည်းပညာများကို ပို့ချပြီး နှစ်ဖက်အဖွဲ့အစည်းများအကြား အမြင်ချင်းဖလှယ်ကြရန် ဖြစ်သည်။


အစီအစဉ်ကာလအတွင်း အေစီအာရ်စီနှင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့အကြား နှစ်ဖက်ကျွမ်းကျင်မှုနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးအတွက် တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)