နေပြည်တော် ၁၈ အောက်တိုဘာ
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သည် ကျောင်းသား၊ ကျောင်းသူများ၏ "ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ် (အခြေခံပညာမူလတန်း)" ဆရာကိုင်စာအုပ်အား ပုံနှိပ်ပြီး ယခုပညာသင်နှစ်အမှီ အချိန်မီဖြန့်ဝေ သင်ကြားပေး နိုင်ရန်အတွက် စာအုပ်ရေ (၄၀ဝ၀ဝ) အား ကော်မရှင်မှ ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီတွင် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်ကို အခြားတိုင်းပြည်ကဲ့သို့ နည်းလမ်း(၃)သွယ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းလမ်း(၃)သွယ်ရှိ ပထမနည်းလမ်းမှာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းဖြစ်ပြီး၊ ဒုတိယနည်းလမ်းသည် တားဆီးကာကွယ်ရေး အပိုင်းဖြစ်ကြောင်း၊ တတိယအပိုင်းမှာ အသိပညာပေးခြင်း နည်းလမ်းဖြစ်ပါကြောင်း၊ နည်းလမ်း(၃)သွယ်လုံးကို တစ်ပြိုင်တည်း ဆောင်ရွက်ခြင်းဖြစ်ပြီး အသိပညာပေးခြင်းလုပ်ငန်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်ထဲတွင် အရေးအကြီးဆုံးလုပ်ငန်း၊ အထိရောက်ဆုံးလုပ်ငန်း၊ အလျင်မြန်ဆုံးလုပ်ငန်း၊ နစ်နာမှုအနဲဆုံးလုပ်ငန်းနှင့် လူများကို ကိုယ်ကျင့်တရားနှင့် ပြည့်စုံရန်ပြုပြင်ပေးသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ထိုလုပ်ငန်းစဉ်သည် တာရှည်၊ နှစ်ပေါင်းများစွာခိုင်ခံ့မည်ဖြစ်ပါကြောင်း။
"ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် " ဆရာကိုင်စာအုပ်သည် အဓိကအားဖြင့် မူလတန်းကလေးသူငယ်များ အတွက်ဖြစ်၍ အရေးကြီးသည့် အချက်(၂) ချက်အား ဖော်ပြထားခြင်းဖြစ်ကြောင်း၊ အမှန်တရားကိုလက်ခံရန်၊ အမှန်တရားကို မြတ်နိုးရန်နှင့် ဝန်ခံတတ်ရန်၊ တာဝန်ယူတတ်ရန်ဖြစ်ပါကြောင်း၊ အခြေခံအဆင့်မှစ၍ ရှေ့အဆင့်ဆင့်အထိ ယခုထက်ပိုပြီးမြင့်မားသည့် အသိပညာပေးရေး လုပ်ငန်းစဉ်များ ပြုစုတင်ပြသွားရန်ရှိပါကြောင်း၊ အဆိုပါစာအုပ်ဖြစ်မြောက်ရေးအတွက် အားလုံးပါဝင်ခဲ့ကြ သည့် ပညာရေးဝန်ကြီးဌာနအပါအဝင်၊ အခြားအဖွဲ့အစည်းများ၊ အထူးသဖြင့် UNODC ၊ အဖွဲ့အစည်းအသီးသီးမှ ပါဝင်ခဲ့ကြသည့် ပုဂ္ဂိုလ်အားလုံးကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်အတွက် "အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးယန္တရားတစ်ရပ်" အနေဖြင့် ပထမဆုံး ထုတ်ပြန်သည့် စာအုပ်တစ်အုပ်ဖြစ်သည့်အတွက် အကျိုးသက်ရောက်မှုနှင့် သမိုင်းဝင်မှုမှာ သိသာထင်ရှားသည့် စာအုပ်တစ်အုပ်ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ "ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး အစီအစဉ်စာအုပ်" အား ပြုစုနိုင်ရေးနှင့် အသိပညာပေး အစီအစဉ်အတွက် မူလတန်း ပညာရေးမှစတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လိုပါကြောင်း အဆိုပြုလာပါသဖြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဝမ်းမြောက်ဝမ်းသာစွာ ပူးပေါင်းကူညီဆောင်ရွက်လိုပါကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် လုပ်ဆောင်ရမည့်ကိစ္စလည်း ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ တစ်ကိုယ်ရည်သန့်ရှင်း ရေးအပိုင်းတွင်လည်း ကိုယ်ကိုတိုင်တားဆီး ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ထားပါကြောင်း၊ ပညာရေးလုပ်ငန်းတွင် ဆရာ၊ ဆရာမ များသည် ကျောင်းသူ၊ ကျောင်းသားများအသိပညာဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်ကျင့်သိက္ခာမြင့်မားရေးကို လက်တွေ့ ကျကျဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း၊ ကော်မရှင်မှ လွှဲပြောင်းပေးအပ်သည့် ဆရာကိုင်စာအုပ် (၄၀ဝ၀ဝ)အား ပညာရေးနှီးနှော ဖလှယ်ပွဲတွင် ဖြန့်ဝေသွားမည်ဖြစ် ကြောင်း၊ "ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ်" ကို အားလုံးက ဝိုင်းဝန်းပြီး ပူးပေါင်းဆောင်ရွက်ပေးကြပါဟု တိုက်တွန်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)