နေပြည်တော် ၁၉ ဇန်နဝါရီ
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ပူးပေါင်း၍ ပြည်ထောင်စုဝန်ကြီးဌာနများတွင် ရှေ့ပြေးစီမံကိန်းအဖြစ် ဝန်ကြီးဌာန(၁၃)ခု၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit –CPU) များ ဖွဲ့စည်းရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် Park Royal Hotel ၌ ကျင်းပသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးဌာန (၁၃)ခုမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ကော်မရှင်ရုံး ဝန်ထမ်းများ တက်ရောက်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အဖွင့်အမှာစကား ပြောကြားပြီး ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက CPU အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ဥပဒေရှုထောင့်မှ ဆွေးနွေးခြင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက CPU ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးက အဂတိလိုက်စားမှု ဖြစ်နိုင်ခြေအန္တရာယ် ဆန်းစစ်လေ့လာသုံးသပ်ခြင်း၊ UNDP မှ ကျွမ်းကျင်သူ Mr.Philliat Matsheza က အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်း တို့အပေါ် ဆွေးနွေးကြသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များက သိရှိလိုသောအချက်များကို မေးမြန်းဆွေးနွေးကြရာ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှုးနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး အလုပ်ရုံဆွေးနွေးပွဲတွင် အောက်ပါအတိုင်း အတည်ပြုဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးဌာနများတွင် CPU ဖွဲ့စည်းမှုကို ပြည်ထောင်စုဝန်ကြီးဌာန၏ လိုအပ်ချက်နှင့်အညီ ပြည်ထောင်စုဝန်ကြီး၏ စီမံခန့်ခွဲမှုဖြင့် ဖွဲ့စည်းဆောင်ရွက်ရန်၊ CPU ၏ လုပ်ငန်းတာဝန်(၃)ရပ်အဖြစ် (၁)အဂတိလိုက်စားမှု ပြဿနာများကို စိစစ်ဖော်ထုတ်ရန်၊ (၂) အဂတိလိုက်စားမှုပြဿနာများကို ဖြေရှင်းရန်၊ (၃) နိုင်ငံ့ဝန်ထမ်းများ အဂတိလိုက်စားမှု ဆက်လက်မဖြစ်ပွားရေး တားဆီးကာကွယ်ရန်၊ CPU တွင် တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ကျင့်ဝတ်အား လိုက်နာဆောင်ရွက်ရန်၊ CPUတွင် တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်များအား ပြည်ထောင်စုဝန်ကြီးဌာန (၁)ခုလျှင် (၄)ဦးမှ (၁၀)ဦးအထိကို ဖေဖော်ဝါရီ ပထမပတ်တွင် သင်တန်းပေးသွားရန်တို့ ဖြစ်သည်။
ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)