နေပြည်တော် မတ် ၁၀

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး (၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်က သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်ရေးသည် ကော်မရှင်၏ အမျိုးသားရေး တာဝန်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင် ရာတွင် ကော်မရှင်၏ ကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ ဆောင်ရွက်ချက်များအပေါ် အမြဲမပြတ် ကြည့်ရှုထိန်းကျောင်း တည့်မတ်ပေးရန်လိုကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆောင်ရွက်ရာတွင် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ် (၃)ရပ်နှင့် တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိရာ အဂတိလိုက်စားမှု မဖြစ်ပေါ်မီကပင် အသိပညာပေးရေးနှင့် ကြိုတင် တားဆီးကာကွယ်ရေးကို အထူးဂရုပြု ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် နည်းလမ်းများစွာဖြင့် အသိပညာ ပေးဆောင်ရွက်သင့်ပါကြောင်း၊ အဓိက ပြောကြားလိုသည်မှာ နောင်မျိုးဆက်သစ် ကျောင်း သား လူငယ်လူရွယ်များကို ငယ်စဉ်ကတည်းကပင် ဗုဒ္ဓဘာသာဝင်တို့၏ အစဉ်အလာအတိုင်း ငါးပါးသီလ မြဲမြံအောင်နှင့် ပြည်သူ့နီတိဆိုင်ရာ ကျင့်ဝတ်များကို သက်ဆိုင်ရာဌာနများ၏ ကူညီပံ့ပိုးမှုဖြင့် ထိရောက်ကျယ်ပြန့်စွာဖြင့် ကြိုးစားဆောင်ရွက်ပေးကြရန်လိုကြောင်း၊ တစ်ချိန်တည်းတွင် အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကနှင့် ပြည်သူလူထုများအကြား အဂတိ လိုက်စားမှု ပပျောက်ရေးလုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဆောင်ရွက် သွားရန် အထူးလိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ကံစမ်းမဲဆုကြီးများ မဲဖောက်ချီးမြှင့်ခြင်း၊ ဝန်ထမ်းတစ်ဦးချင်းအတွက် Track Suit အင်္ကျီများ လက်ဆောင်ပေးခြင်း၊ အဆို၊ အကများဖြင့် ဖျော်ဖြေခြင်းအပြင် နှစ်ပတ်လည်နေ့ အထိမ်းမှတ် နေ့လယ်စာ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ အတွင်း ရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

သတင်းစဉ်